ဆင်းရဲနွမ်းပါးမှု၊ ပဋိပက္ခနှင့် ပညာရေးအတားအဆီးများက မြန်မာနိုင်ငံကျေးလက်ဒေသရှိ ကလေးအလုပ်သမားအဖြစ်ကို တွန်းအားပေးနေကြောင်း အိုင်အယ်လ်အို ၏လေ့လာမှုအသစ်တွင် တွေ့ရှိ
ပိုမိုခိုင်မာသော အသက်မွေး၀မ်းကျောင်း လုပ်ငန်းများ၊ ဘေးကင်းလုံခြုံသည့် ပညာရေး အခွင့်အလမ်းများ နှင့် ပိုမိုကောင်းမွန်သည့် ကာကွယ်စောင့်ရှောက်မှုများကို ကလေးများအတွက် အလျင်အမြန်လိုအပ်နေကြောင်း သုတေသနအသစ်က ထောက်ပြထားပါသည်။
၁၀ စက်တင်ဘာ ၂၀၂၆
ရန်ကုန် (ILO သတင်း) – အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ လေ့လာမှု အသစ်တစ်ရပ်အရ ဆင်းရဲနွမ်းပါးမှု၊ စီးပွားရေးအရ ထိခိုက်လွယ်မှုနှင့် ပညာရေးရရှိနိုင်မှု အကန့်အသတ်ရှိမှုတို့သည် မြန်မာနိုင်ငံတစ်၀န်းရှိ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ လူမှုအသိုင်းအဝိုင်းများတွင် ဘေးအန္တရာယ်ရှိသည့် အလုပ်များနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသည့် ကလေးအလုပ်သမား အဖြစ် တွန်းအားပေးနေကြောင်း သိရသည်။
“မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အခြားကျေးလက်ဒေသများရှိ အဆိုးရွားဆုံး ကလေးအလုပ်သမား ပုံစံများနှင့် ပညာရေး အခြေအနေဆိုင်ရာ အခြေအနေ ဆန်းစစ်လေ့လာမှု” သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း၊ မွန်ပြည်နယ်တို့ရှိ မြို့နယ်ငါးခုမှ ကျေးရွာ ၁၇ ရွာအား စစ်ဆေး လေ့လာခဲ့ခြင်း ဖြစ်သည်။ ဤ အရည်အသွေးဆိုင်ရာ လေ့လာမှုတွင် ကလေးများ၊ မိဘများ၊ လူငယ်များ၊ ဆရာများ၊ အလုပ်ရှင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လူထုကိုယ်စားလှယ်များ ပါဝင်ခဲ့ကြပါသည်။
ပါဝင်ဖြေဆိုသူများ၏ ပြောကြားချက်အရ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုနှင့် အခြား ကုန်သွယ်လုပ်ငန်းများတွင် ကလေးအလုပ်သမားများ တွေ့ရှိရကြောင်းနှင့် အသက် ၁၂ နှစ်မှ ၁၇နှစ်ကြား ဆယ်ကျော်သက်များမှာ ပိုမိုထိခိုက် ခံစားနေရကြောင်း ဖြေဆိုခဲ့ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် ကလေးများသည် သီးနှံစိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အမြင့်ပင်များတက်ခြင်း၊ စက်ကိရိယာများ လည်ပတ် အသုံးပြုခြင်းနှင့် စိုက်ပျိုးထွက်ကုန်များ သယ်ယူပို့ဆောင်ခြင်းတို့ကို လုပ်ဆောင်နေကြောင်း ဖြေဆိုခဲ့ကြသည်။ ကလေးများသည် ဆောက်လုပ်ရေး၊ လက်သမားလုပ်ငန်း၊ ပန်းရံအလုပ်၊ အမှိုက်/အဟောင်းကောက်ခြင်းနှင့် အသေးစား လက်လီရောင်း၀ယ်ရေး လုပ်ငန်းငယ်များတွင်လည်း လုပ်ကိုင်နေကြောင်း ဖြေဆိုခဲ့ကြသည်။ ကလေးငယ်များသည် ကာကွယ်ရေး အထောက်အကူပစ္စည်းမပါဘဲ ပိုးသတ်ဆေးဖျန်းခြင်း၊ လေးလံသော ပစ္စည်းများ သယ်ဆောင်ခြင်း၊ အမြင့်နေရာများတွင် အလုပ်လုပ်ခြင်းနှင့် အန္တရာယ်ရှိသော စက်ကိရိယာများ မောင်းနှင်အသုံးပြုခြင်း အပါအဝင် အန္တရာယ်ရှိသော အလုပ်များတွင် ပါဝင်နေကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။ ထို့အပြင် ILO ပြဌာန်းချက်အမှတ်(၁၈၂)အရ အဆိုးရွားဆုံး ကလေးအလုပ်သမား ပုံစံများဟု သတ်မှတ်ထားသည့် လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်း၊ တရားမဝင်လုပ်ငန်းများနှင့် လိင်ပိုင်းဆိုင်ရာ ကုန်သွယ် အမြတ်ထုတ်ခံရမှုများတွင် ကလေးများ ပါဝင်နေကြောင်း သတင်း အစီရင်ခံစာများကိုလည်း ၎င်းလေ့လာမှုက မှတ်တမ်းတင်ခဲ့သည်။
စီးပွားရေးကျပ်တည်းမှုသည် ကလေးအလုပ်သမားဖြစ်ရန် အဓိက အခြေခံအကြောင်းရင်းတစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့သည်။ ဝင်ငွေမတည်ငြိမ်မှု၊ ကြွေးမြီရှိခြင်း၊ နေရပ်စွန့်ခွာရခြင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးရခြင်းတို့နှင့် ရင်ဆိုင်နေကြရသည့် မိသားစုများသည် ကလေးများ၏ လုပ်အားကို ရင်ဆိုင်ဖြေရှင်းရေး နည်းလမ်းတစ်ခုအဖြစ် ပိုမိုအားထားလာကြောင်း သတင်းအစီရင်ခံခဲ့ကြသည်။ ပဋိပက္ခ၊ လုံခြုံရေးမဲ့မှုနှင့် ၂၀၂၅ ခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့သော ငလျင်ဒဏ်တို့သည် ဤဖိအားများကို ပိုမိုဆိုးရွားစေခဲ့သည်။
ကလေးများ ကျောင်းတွင် ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် သိသာထင်ရှားသော အတားအဆီးများကို လေ့လာမှုက ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့တွင် သွယ်ဝိုက် ပညာသင်ကြားရေး စရိတ်များ၊ ပျက်စီးနေပြီး မလုံခြုံသော အခြေခံ အဆောက်အအုံများ၊ ဆရာ/ဆရာမအင်အား လိုအပ်ချက်များ၊ စာရွက်စာတမ်း လိုအပ်ချက်များ၊ ကျောင်းများနှင့် ဝေးကွာလွန်းခြင်းနှင့် ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်များတို့ ပါဝင်သည်။
“ဤတွေ့ရှိချက်များက ကလေးအလုပ်သမားအခြေအနေကို သီးခြားစီဖြေရှင်း၍ မရနိုင်ကြောင်း ဖော်ပြနေပါသည်။ မိသားစုများအနေဖြင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်းလမ်းများ လိုအပ်သလို၊ ကလေးများအနေဖြင့် ဘေးကင်းလုံခြုံပြီး အရည်အသွေးရှိသော ပညာရေးသို့ ဝင်ရောက်ခွင့် လိုအပ်ကာ၊ လူမှုအသိုင်းအဝိုင်းများအနေဖြင့် အန္တရာယ်ရှိသောကလေးများကို ရှာဖွေဖော်ထုတ်ပြီး ကာကွယ်ပေးနိုင်ရန် ပိုမိုခိုင်မာအားကောင်းသော စနစ်များ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ILO ဆက်သွယ်ညှိနှိုင်းရေး အရာရှိ/ကိုယ်စားလှယ် Yutong Liu က ပြောကြားခဲ့သည်။
ပညာရေးလက်လှမ်းမီမှုနှင့် ကျောင်းတွင် ဆက်လက်ပညာသင်ကြားနိုင်မှု ထိန်းသိမ်းနိုင်ရေး မြှင့်တင်ရန်၊ အိမ်ထောင်စု အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ နှင့် လူမှု ကာကွယ်စောင့်ရှောက်ရေးစနစ်များ ခိုင်မာအားကောင်းစေရေး၊ ဘေးအန္တရာယ်ရှိသော အလုပ်များနှင့် အခြား အဆိုးရွားဆုံး ကလေးအလုပ်သမားပုံစံများကို တားဆီးရန်နှင့် စောင့်ကြည့်လေ့လာရေး၊ လွှဲပြောင်းပေးပို့ရေးနှင့် အဖွဲ့အစည်းအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရေးစနစ်များ ခိုင်မာအားကောင်းစေရေး တို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုများပြုလုပ်ရန် အစီရင်ခံစာက တောင်းဆိုထားသည်။
ဤလေ့လာမှုကို ဂျပန်နိုင်ငံအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ILO၏ ပညာရေး ထောက်ပံ့မှုဖြင့် ကလေးအလုပ်သမား လျှော့ချရေးအစီအစဥ် (ARISE)မှတစ်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။