အသိအမြင်မြှင့်တင်ရေးလက်ကမ်းစာစောင်

လွန်ကဲစွာပူပြင်းခြင်းကိုသတိပြုပါ

အပူကြောင့်ဖြစ်သည့် စိတ်ဖိစီးမှုသည် အလုပ်သမားများ၏ ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးအတွက် သိသာ ထင်ရှားသည့် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာနေပါသည်။ အကြောင်းမှာ၊ ၎င်းတို့သည် နေ့စဉ်နှင့်အမျှ မြင့်တက် လာနေသောအပူချိန်နှင့်၊ မကြာခဏ ပို၍ ကျရောက်လာသော အပူလှိုင်းများကို ရင်ဆိုင် နေကြရ၍ဖြစ်သည်။ အလုပ်ရှင်များနှင့် အလုပ်သမားများ နှစ်ရပ်စလုံးအကြား လွန်ကဲစွာ ပူပြင်းခြင်း၏ အန္တရာယ်သက် ရောက်မှုအ ကြောင်း အသိအမြင်မြှင့်တင်ပေးရန် အရေးပါလှပေသည်။

အပူကြောင့် စိတ်ဖိစီးမှုသည် အပူကြောင့် နွမ်းလျခြင်း၊ အပူလျှပ်ခြင်းကဲ့သို့သော လက်ငင်းကျန်းမာရေး ပြဿနာများကို ဖြစ်စေသကဲ့သို့၊ ထူးခြားဖြစ်စဉ်များတွင် အသက်ဆုံးရှုံးမှုများပင်ရှိသည်။ ရေရှည်တွင်၊ ယင်း ကျန်းမာရေး ပြဿနာများသည် စိုးရိမ်ရသည့် နာတာရှည် ရောဂါများကို ဖြစ်စေနိုင်ပြီး နှလုံးသွေးကြော၊ အသက်ရှူ လမ်းကြောင်း၊ နှင့် ကျောက်ကပ်တို့၏လုပ်ငန်းလုပ်ဆောင်မှု စနစ်များအပေါ်ရိုက်ခတ်မှုရှိသည်။

ဂျပန်နိုင်ငံ၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အကောင်အထည်ဖော်နေသည့် အိုင်အယ်လ်အို၏ “လုပ်ငန်းခွင်ဝန်းကျင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး မြှင့်တင်ရေးစီမံကိန်း” နှင့် ထိုင်းနိုင်ငံအာဏာပိုင်များက ပူးတွဲ ပြုစုကာ ထုတ်ဝေသော ဤလက်ကမ်းစာစောင်သည် လွန်ကဲစွာ ပူပြင်းခြင်း၏ ရိုက်ခတ်မှု အန္တရာယ်များမှ မိမိတို့ကိုယ်ကို ကာကွယ်ရန် အလုပ်သမားနှင့် အလုပ်ရှင်နှစ်ရပ်စလုံးအား လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရေးအတွက် အသိအမြင် မြှင့်တင်ပေးရန်၊ အထောက်အကူပေးရန် ရည် ရွယ်သည်။