Labour rights

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)မှ မြန်မာနိုင်ငံအား လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဒီမိုကရေစီဖွဲ့စည်းပုံ စနစ်ကို မူလအတိုင်းပြန်လည်ကျင့်သုံးရန် တောင်းဆိုခြင်း

စစ်တပ်မှအာဏာလွှဲပြောင်းရယူခြင်းနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်မှုများပျံ့နှံ့စွာ ဖြစ်ပေါ်လျက် ရှိလေရာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်က အလုပ်သမားများနှင့် အလုပ်ရှင်များသည် မိမိတို့၏ဆန္ဒများကို အကြမ်းဖက်မှု သို့မဟုတ် ခြိမ်းခြောက်ခံရမှုမရှိပဲ ကျင့်သုံးပိုင်ခွင့် ရှိရမည်ဟုဆိုသည်။

Press release | Yangon | 11 February 2021
© Ninjastrikers

ဂျီနီဗာ (အိုင်အယ်လ်အိုသတင်း) - အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)၏ ညွှန်ကြားရေးမှုးချုပ် Mr Guy Ryder က အရပ်သားအစိုးရကို စစ်တပ်က ဖယ်ရှားပြီးနောက် ဖြစ်ပေါ်လာသည့် အခြေအနေနှင့် စပ်လျဉ်းပြီး လွန်စွာစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားပါသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr Antonio Guterres ကစစ်တပ်ခေါင်းဆောင်များကို မြန်မာပြည်သူများ၏ဆန္ဒကို လေးစားရန်နှင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာရန်လည်းကောင်း၊ သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းစွာဆွေးနွေးခြင်းမှတဆင့် အဖြေရှာရန်လည်းကောင်း တိုက်တွန်းပြောကြားခဲ့သည် များကို ပြန်လည်အမှတ်ရလျက်၊ Mr Guy Ryder ကစစ်တပ်ခေါင်းဆောင်များသည် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အလုပ်သမားများ၏ အခွင့်အရေးများနှင့် အလုပ်ရှင်များ၏ အခွင့်အရေးများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၎င်းတို့၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများ၌ ပါဝင်ခြင်းကိုလည်းကောင်း ဝင်ရောက် မစွက်ဖက်ရန် တိုက်တွန်းသည်။ ဒီမိုကရေစီ ဖွဲ့စည်းပုံစနစ်နှင့် အရပ်သားအုပ်ချုပ်မှုကို နဂိုအတိုင်းပြန်ဖြစ် စေရန် တောင်းဆိုသည်။

Mr Guy Ryder သည် အရပ်သားအစိုးရအုပ်ချုပ်မှုကို နဂိုအတိုင်းပြန်ဖြစ်စေရန် ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်လျက်ရှိသောအလုပ်သမားများနှင့် အလုပ်သမားအဖွဲ့အစည်းဝင်များကို ခြိမ်းခြောက်၊ ကြိမ်းဝါးမှုများ ရှိနေသည်ဟူသည့် အစီရင်ခံတင်ပြမှုများကြောင့် ဤသို့တောင်းဆိုတိုက်တွန်းခြင်းဖြစ်သည်။ ဆန္ဒထုတ်ဖော်ပွဲ များတွင် ပါဝင်ကြသူ နိုင်ငံ့ဝန်ထမ်းများသည်လည်း အလုပ်မှအထုတ်ခံရမည်၊ ပြစ်ဒဏ်ခံရမည် ဟူသည့် အချက်များဖြင့် ခြိမ်းခြောက်ခံရလျက်ရှိပါသည်။ Mr Guy Ryder က ဒီမိုကရေစီနှင့် လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်သည် ပင်ကိုအားဖြင့်ချိတ်ဆက်လျက်ရှိကြောင်း အလေးထားပြောကြားသည်။

ကျွန်ုပ်သည် စစ်တပ်ခေါင်းဆောင်များကို အလုပ်သမားများနှင့် အလုပ်ရှင်များက မိမိတို့၏ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ကို လွတ်လပ်မှု၊ လုံခြုံမှုအပြည့်ဖြင့် ပြဌာန်းချက်နှင့် အညီကျင့်သုံး ဆောင်ရွက်ရာတွင် အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများမှ ကင်းဝေးပြီး ကတိကဝတ်များကို လိုက်နာရန် တိုက်တွန်းပါသည်။

Guy Ryder, ILO Director-General

“လူ(၅)ဦးထက်ပိုသောစုဝေးမှုများအား ကန့်သတ်သည့်အမိန့်ကို ချက်ချင်းဖယ်ရှားပေးရန်၊ ဆန့်ကျင်ဘက် အသံများအပေါ် ဖိနှိပ်မှုကိုရပ်တန့်ရန်နှင့် အလုပ်သမားများ၏ အခြေခံအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို အပြည့်အဝလေးစားလိုက်နာပါရန် စစ်တပ်ကိုကျွန်ုပ်တောင်းဆိုပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်သောနိုင်ငံ့ဝန်ထမ်းများအပါအဝင် အလုပ်သမားများအား ထိန်းသိမ်းခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် အနှောက်အယှက်ပေးခြင်း မလုပ်ရန် စစ်တပ်ခေါင်းဆောင်များကို တိုက်တွန်း ပါသည်။” ဟု Ryder မှပြောကြားခဲ့ပါသည်။

Mr Guy Ryder ကစုရုံးပိုင်ခွင့်၊ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်၊ အထူးသဖြင့် လွတ်လပ်သောထင်မြင်ယူဆချက်များကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ လွတ်လပ်စွာပြောဆို ခွင့်သည် အလုပ်သမား သမဂ္ဂအခွင့်အရေးကို ပုံမှန်ကျင့်သုံးရန် မရှိမဖြစ်လိုအပ်သည်ဟု မှတ်ချက်ပြုသည်။

Mr Guy Ryder က အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံနှင့် အတည်ပြုလက်မှတ်ရေးထိုးပြီးဖြစ်သော အိုင်အယ်လ်အို၏ အဓိကပြဌာန်းချက်တစ်ခုဖြစ်သည့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် အကာအကွယ်ပေးရေးဆိုင်ရာ၊ ၁၉၄၈၊ ပြဌာန်းချက်အမှတ်(၈၇) မှ ရရှိသော တာဝန်ဝတ္တရားများကို အလေးပေးပြောကြားခဲ့သည်။ နိုင်ငံအတွင်း အဓမ္မအလုပ်ခိုင်းစေမှုများကို ဖယ်ရှားရန် အိုင်အယ်လ်အို၏ ဆက်လက်လုပ်ဆောင်နေမှု၏ အရေးကြီးပုံကိုလည်း အလေးထားပြောကြားခဲ့သည်။

“အလုပ်သမားများနှင့် အလုပ်ရှင်များက အကြမ်းဖက်မှု၊ ခြိမ်းခြောက်ခံရမှုကင်းစွာဖြင့် လုံးဝလွတ်လပ်ပြီး လုံခြုံသော အခြေအနေတွင်၎င်းတို့၏ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့် အခွင့်အရေးအား ပြဌာန်းချက်များ နှင့်အညီ လုပ်ဆောင်နိုင်ရန်အတွက် ကျွန်ုပ်အနေဖြင့် စစ်တပ်ခေါင်းဆောင်များကို တိုက်တွန်းလိုပါသည်။” ဟု ပြောကြားခဲ့သည်။

စစ်အာဏာရှင်များက တာဝန်ခံယူထားသော အချိန်ကာလအတွင်းတွင် အလုပ်သမားနှင့် အလုပ်ရှင်အဖွဲ့ အစည်းများ၏ လုံခြုံရေးနှင် ကောင်းကျိုးများအတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့အနေဖြင့် ၎င်း၏ ရန်ကုန်ရုံးမှတဆင့် အထူးအလေးထားပြီး အနီးကပ်စောင့်ကြည့်နေမည်ဖြစ်ပါသည်။