Statement

ILO Myanmar May Day 2023

နှစ်စဉ် မေလ ၁ ရက်နေ့ကို ကမ္ဘာတစ်ဝှမ်းရှိ အလုပ်သမားများက အလုပ်သမားအခွင့်အရေးများ အာမခံချက်ရှိစေရန်အတွက် အလုပ်သမားအ‌ရေး လှုပ်ရှားဆောင်ရွက်မှုများ၏ ကြိုးပမ်းအားထုတ် မှုများကို အသိအမှတ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် မေဒေးနေ့ ဟူ၍ ဂုဏ်ပြုကျင်းပကြပါသည်။

၃၀ ဧပြီ ၂၀၂၃

Content also available in: English
အလုပ်အကိုင်လောကအတွက် အထူးအရေးပါသော ဤနေ့တွင် မြန်မာနိုင်ငံရှိ အလုပ်သမားများနှင့် ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် မရေရာ မသေချာမှုများနှင့် မတရားမှုများသည် ယခင် အချိန်ကထက် ပိုမိုဆိုးရွားများပြာလာပါသည်။ ဝမ်းနည်းစရာကောင်းသည့်အချက်မှာ အလုပ်သမား များစွာနှင့် ၎င်းတို့၏မိသားစုများသည် အကျပ်အတည်းအခက်အခဲများတွင် ဆက်လက်ရှင်သန် နေထိုင် ကြရပြီး၊ စီးပွားရေးလုပ်ငန်းအများအပြား၏ အသက်မွေးဝမ်းကျောင်းမှုသည်လည်း ခြိမ်းခြောက်ခံနေရ သည့် အခြေနေတွင်ရှိနေပါသည်။

ယခုအချိန်အခါတွင် အလုပ်သမားအခွင့်အရေးအားလုံးကို လေးစားလိုက်နာခြင်းသည် အလုပ်သမား များနှင့် စီးပွားရေးလုပ်ငန်းများ သက်သာချောင်ချိရေးနှင့် ဆက်လက်ရပ်တည်ရှင်သန်နိုင်ရေးအတွက် ယခင်အချိန်ကာလများထက် ပို၍အရေးကြီးပါသည်။

အကြမ်းဖက်မှု၊ မတရားမှု၊ ခြိမ်းခြောက်မှုနှင့် လက်စားချေမှုများ ကင်းစင်သည့် ဒီမိုက‌ရေစီပတ်ဝန်း ကျင်တွင် အလုပ်သမားများအနေဖြင့် ၎င်းတို့၏ အခြေခံအလုပ်သမားအခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးခွင့်ရှိရေးသည်လည်း အဓိက ပဓာနကျပါသည်။

အိုင်အယ်(လ်)အို ဆက်သွယ်ညှိနှိုင်းရေးရုံးသည် လူမှုတရားမျှတမှုနှင့် အလုပ်သမားအခွင့်အရေး များအား လေးစားလိုက်နာမှုကို ဆက်လက်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး၊ ယင်း၏ စီမံကိန်းများနှင့် အစီအစဉ်များအားဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားများနှင့် အလုပ်ရှင်များအား ပံ့ပိုးမှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်ရေးနှင့် အခြေခံအခွင့်အ‌ရေးများကို လေးစား လိုက်နာရန် ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၏ ဆုံးဖြတ်ချက် နှင့် အိုင်အယ်(လ်)အို အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်များ ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှုနှင့် ပံ့ပိုးကူညီမှုများကို တိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။ ဤအခွင့်အရေးကိုရယူလျက် အိုင်အယ်(လ်)အို ညွှန်ကြားရေးမှူးချုပ် Gilbert A Houngbo ၏ လူသားအားလုံး နှင့် ကမ္ဘာကြီးအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့်ချမ်းသာကြွယ်ဝ မှုများကို အထောက်အပံ့ပြုနိုင်သည့် လူသားဗဟိုပြု လူမှုတရားမျှတမှု ဦးစားပေး တည်ဆောက်မှုများကို ဝေမျှလိုက်ပါသည်။