မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အလုပ်လုပ်ကိုင် ရခြင်းကြောင့် ထိခိုက်နစ်နာမှုများစွာ ခံစားရ

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ဆင်းရဲ နွမ်းပါးမှုသည် ကလေး အလုပ်သမားအဖြစ် လုပ်ကိုင်ရခြင်း၏ အဓိက အကြောင်းတရား ဖြစ်ပြီး၊ ကလေးသူငယ်များသည် ဘေးအန္တရာယ်ရှိသည့် အလုပ်များနှင့် အလုပ်ချိန် နာရီကြာမြင့်စွာ လုပ်ကိုင် နေရခြင်းတို့ အဖြစ်များကြောင်း လေ့လာတွေ့ရှိရသည်။

၃၀ ဇွန် ၂၀၂၃

Content also available in: English
ရန်ကုန်၊ မြန်မာ (အိုင်အယ်လ်အို သတင်း)။ ။ မြန်မာနိုင်ငံရှိ အလုပ်လုပ်ကိုင်နေသည့် ကလေးသူငယ်များ၏ အခြေအနေကို အကဲဖြတ် လေ့လာထားသည့် အစီရင်ခံစာအသစ်တွင် ကလေးသူငယ်များအနေဖြင့် ၎င်းတို့၏ မိသားစုများကို ထောက်ပံ့ရန်အတွက် အလုပ်လုပ်ကိုင်နေရသည့် အတိုင်းအတာနှင့် ဘေးအန္တရာယ်ရှိသည့် အလုပ်အကိုင်များတွင် လုပ်ကိုင်နေရမှု အခြေအနေ မြင့်မားလျက်ရှိကြောင်း ဖော်ပြထားသည်။

အိုင်အယ်လ်အို မြန်မာရုံး၏ Asia Regional Child Labour စီမံကိန်း (ARC) မှ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ပြုလုပ်ခဲ့သည့် အကဲဖြတ်လေ့လာမှုတွင် တွေ့ဆုံမေးမြန်းခဲ့သော အလုပ်လုပ်ကိုင်နေသည့် ကလေးသူငယ်များအနက် ၇၀ ရာခိုင်နှုန်းကျော်သည် အဓိကအားဖြင့် မိသားစုငွေကြေး အခက်အခဲများကြောင့် အလုပ်လုပ်ကိုင်နေကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းကြောင့် ကျောင်းများပိတ်ခဲ့ရသဖြင့် ကလေးသူငယ်များကို လုပ်ငန်းခွင်အတွင်းသို့ ရောက်စေခဲ့ပြီး၊ ကလေးအလုပ်သမား အခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့သည်။ ကျောင်းများ ပြန်ဖွင့်သည့်တိုင်အောင် နိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုနှင့် နောက်ဆက်တွဲ ဘေးကင်းလုံခြုံရေး စိုးရိမ်ဖွယ် အခြေအနေများကြောင့် ကလေးသူငယ် အများအပြားသည် ကျောင်းပြန် မတက်နိုင်ကြတော့ပေ။

အကဲဖြတ် လေ့လာမှုပြုလုပ်ခဲ့သည့် ဒေသသုံးခုရှိ ကလေးသူငယ် သုံးပုံတစ်ပုံသည် အိမ်အကူ အလုပ်အကိုင်တွင် ဝင်ရောက်လုပ်ကိုင်နေပြီး၊ အခြား ကလေးသူငယ်များမှာ အဓိကအားဖြင့် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည်။ ၎င်းတို့အနက် အများစုသည် နည်းပါးသည့်လုပ်ခဖြင့် အလုပ်ချိန်နာရီ ကြာမြင့်စွာ လုပ်ကိုင်နေရသည်။

ကလေးသူငယ်များသည် ဘေးအန္တရာယ်ရှိသော အလုပ်အကိုင်နှင့် အလုပ်တာဝန်များကို မကြာခဏ လုပ်ကိုင်ကြသည်ကိုလည်း အကဲဖြတ်လေ့လာမှုတွင် လေ့လာတွေ့ရှိခဲ့သည်။ အကဲဖြတ်လေ့လာမှုတွင် တွေ့ဆုံမေးမြန်းခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသော ကလေးသူငယ် ၉၀ ရာခိုင်နှုန်းခန့်သည် လေးလံသည့်ဝန်များကို သယ်ရခြင်းနှင့်၊ ၈၀ ရာခိုင်နှုန်းကျော်သည် နေပူထဲတွင် မနားရဘဲ အချိန်ကြာမြင့်စွာ လုပ်ကိုင်ကြရသည်။ တွေ့ဆုံမေးမြန်းခဲ့သည့် ကလးသူငယ်အများစုသည် မတော်တဆနှင့်၊ ထိခိုက်ဒဏ်ရာများ ရရှိဖူးကြောင်းနှင့် အသေးစား ထိခိုက်ဒဏ်ရာများသည် မကြာခဏ အများဆုံး ဖြစ်လေ့ရှိကာ၊ ပွန်းပဲ့ဒဏ်ရာ၊ တိုက်မိဆောင့်မိ၍ ဖြစ်သည့် အဖု၊ ဖူးရောင်ခြင်းများလည်း ဖြစ်လေ့ရှိသည်ဟု ပြောဆိုခဲ့ကြသည်။

“ဒီအကဲဖြတ် လေ့လာမှုမှာပါဝင်တဲ့ အလုပ်လုပ်ကိုင်နေတဲ့ ကလေးသူငယ် ထက်ဝက်ကျော်က အခွင့်အလမ်းသာ ရမယ်ဆိုရင် ကျောင်းပညာရေးကို ဆက်လက် သင်ယူလိုကြောင်း ပြောဆိုပါတယ်။ ဒါဟာ သူတို့တွေရဲ့ ကျောင်းတက်ချင်တဲ့ စိတ်ဆန္ဒကို အလုပ်က ဘယ်လောက်အတိုင်းအတာအထိ အဟန့်အတား ဖြစ်စေသလဲဆိုတာကို ထင်ဟပ်ဖော်ပြနေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေး အကြပ်အတည်းကြောင့် တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခတွေက ဒီအခြေအနေကို ပိုမိုဆိုးရွားလာစေပါတယ်” ဟု အိုင်အယ်လ်အို၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ ဌာနေကိုယ်စားလှယ် Mr. Donglin Li က ပြောကြားသည်။

ရပ်ရွာလူထုနှင့် အလုပ်ရှင်များသည် အများအားဖြင့် ကလေးသူငယ်များကို အလုပ်အကိုင် ခန့်ထားရန်အတွက် အလုပ်လုပ်ကိုင်နိုင်သည့် အနိမ့်ဆုံး အသက်အရွယ်ဆိုင်ရာ ဥပဒေများကို သတိပြုမိခြင်း မရှိ‌ဟု ယူဆရသည်။ အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍရှိ အလုပ်ရှင်အချို့က ၎င်းတို့သည် ကလေးသူငယ်များကို ပို၍ အလုပ်ခန့်လိုကြောင်း၊ အကြောင်းမှာ ကလေးသူငယ်များကို ထိန်းချုပ်ရလွယ်ကူခြင်း၊ အခကြေးငွေအနည်းငယ်ဖြင့် ခိုင်း၍ရခြင်း၊ တိုင်တန်းမှု သိပ်မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြောဆိုကြသည်။ အခြားအလုပ်ရှင်များက အိမ်တွင်နေလျှင် ဘေးကင်းလုံခြုံရေး စိုးရိမ်ရသောကြောင့် မိဘများနှင့်အတူ လုပ်ငန်းခွင်သို့ အတူပါလာသော ကလေးသူငယ်များကို အလုပ်ခန့်ထားသည်။

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အခြေအနေပေးပါက အကောင်အထည်ဖော် ဆောင်ရွက်ရန် သင့်လျော်သည့် အသိအမြင် မြှင့်တင်ရေး အစီအစဉ်၊ စည်းရုံးလှုံ့ဆော်မှုနှင့် ဆက်စပ်လွှမ်းခြုံနေသော အဓိကကျသည့် မူဝါဒရေးရာ ဖြေရှင်းဆောင်ရွက်ချက်များဆိုင်ရာ အကြံပြုချက်များကို ဤအစီရင်ခံစာတွင် ဖြည့်ဆည်းဖော်ပြထားသည်။

အိုင်အယ်လ်အို၏ ARC စီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါနှင့် ပါကစ်စတန်နိုင်ငံများတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) မှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဒေသတွင်းဆိုင်ရာ စီမံကိန်းတစ်ခု ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဂျွန်လ (၁၂) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သည့် ဤအစီရင်ခံစာ ကို ယူကေနိုင်ငံအစိုးရ၊ Foreign Commonwealth and Development Office (FCDO)၏ ငွေကြေးပံ့ပိုးမှုဖြင့် ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။

မီဒီယာများ ဆက်သွယ်ရန်

Selim Benaissa
နည်းပညာအကြံပေးအရာရှိချုပ်
အိုင်အယ်လ်အို မြန်မာရုံး
[email protected]