အာဆီယံနှင့်မြန်မာနိုင်ငံတွင် အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အတွက် EU ၊ ILO နှင့် UN Women တို့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်း။
ဥရောပသမဂ္ဂ (EU)၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့အစည်း (ILO) နှင့် UN Women တို့သည် အမျိးသမီး ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေး၊ အခွင့်အလမ်းများနှင့်ပတ်သက်၍ အဓိကပါဝင်သက်ဆိုင်သူများနှင့် ဆွေးနွေးအဖြေရှာရန် အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို စီစဉ်ပြုလုပ်ရခြင်းဖြစ်ပါသည်။
၃၀ ဩဂုတ် ၂၀၁၈
Content also available in:
English
နေပြည်တော်၊ မြန်မာနိုင်ငံ (ILO & UN Women သတင်း) – EU ၊ ILO နှင့် UN Women တို့သည် အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး၊ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အမျိုးသားအဆင့်ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို ယနေ့ စီစဉ်ကျင်းပ ပြုလုပ်ပါသည်။ ဆွေးနွေးညှိနှိုင်းပွဲတွင် ILO နှင့် UN Women တို့ပူးပေါင်းဆောင်ရွက်သော“Safe and Fair” စီမံကိန်းကို အဓိကမိတ်ဖက်အဖွဲ့အစည်းများသို့ မိတ်ဆက်ရှင်းလင်းပြောကြားသွားမည်ဖြစ်ပြီး အလုပ်သမားအခွင့်အရေး များကို မြှင့်တင်ရန်နှင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်စေရန် အပြင် ဘေးကင်းလုံခြုံပြီး သင့်တင့်မျှတမှုရှိသည့် လုပ်သားရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ကျင့်သုံးဆောင်ရွက်မှုများကိုမြှင့်တင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်
ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ်အခြေခံ၍ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များကို ဖော်ထုတ်သွားမည်ဖြစ်ပါသည်။
အစိုးရအဖွဲ့အစည်းများ၊ သံရုံးများ၊ အလုပ်သမားအဖွဲ့အစည်းများ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာအေဂျင်စီများ၊ ရပ်/ရွာ လူထုအခြေပြု အဖွဲ့အစည်းများ၊ INGO နှင့် UN အေဂျင်စီအဖွဲ့အစည်းများအနေဖြင့် နောက် ၅ နှစ်အတွင်း မြန်မာနိုင်ငံ တွင် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ဖော်ဆောင်နိုင်မည့် လမ်းပြမြေပုံတစ်ရပ်ကို အသေးစိတ်ဖော်ထုတ်သွား မည်ဖြစ်သည်။ စီမံကိန်းအနေဖြင့် နိုင်ငံအဆင့်နှင့် အာဆီယံအဆင့် ဦးစားပေးဆောင်ရွက်ချက်များ၊ ရွှေ့ပြောင်းသွားလာခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေမူဘောင်များနှင့်အညီဖြစ်စေရန် အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည်။ ဤအမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းပွဲသည် အာဆီယံနိုင်ငံတစ်နိုင်ငံချင်းစီတွင်ကျင်းပလျက်ရှိသည့် အမျိုး သားအဆင့်ဆွေးနွေးညှိနှိုင်းပွဲ ၁၀ ပွဲတွင် တစ်ပွဲအပါအ၀င်ဖြစ်ပါသည်။
အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့အလုပ်လုပ်ကိုင်ရသည့်နိုင်ငံအပါအ၀င် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေးနှင့် စီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုသည့်အပြင် မူရင်းနိုင်ငံသို့ သိသာထင်ရှားသည့်ငွေကြေးအချို့ကို လွှဲပြောင်းပေးကာ ကျွမ်းကျင်မှုနှင့် အဆက်အသွယ်များကိုလည်း ယူဆောင်လာကြသူများဖြစ်သည်။
နောက်ကြောင်းပြန်ခန့်မှန်းနည်းအားဖြင့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေသန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ ၄.၂၅ သန်း (မြန်မာ့လုပ်သားအင်အား၏ ၂၀ % ခန့်) သည် ပြည်ပတွင် ရောက်ရှိနေထိုင်နေကြသည်။ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားဦးရေ၏ ထက်ဝက်ခန့်သည် အမျိုးသမီးများဖြစ်ပြီး စင်္ကာပူနိုင်ငံတွင် ထက်ဝက်
ကျော်ခန့်ရှိသည်။ အမျိုးသမီးများသည် စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍများအပြင် အိမ်အကူအလုပ် သမား၊ စက်ရုံအလုပ်သမားနှင့် လိင်အလုပ်သမားများအဖြစ် လုပ်ကိုင်နေကြရသည်။ ကမ္ဘာ့ဘဏ်၏ ရွှေ့ပြောင်းသွားလာခြင်းနှင့် လွှဲပြောင်းပို့ငွေဆိုင်ရာ အချက်အလက်စာရင်း (၂၀၁၆) အရ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ လွှဲပြောင်းပေးပို့ခဲ့ပြီး ယင်းပမာဏသည် နိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး၏ ၅ ရာခိုင်နှုန်းခန့်ရှိသည်။
မြန်မာအမျိုးသမီးများသည် အသက်မွေးဝမ်းကျောင်းမှုအတွက် ဆက်လက်ရွှေ့ပြောင်းသွားလာနေကြပြီး ရွှေ့ပြောင်း သွားလာခြင်းမှတစ်ဆင့် ၎င်းတို့၏မိသားစုများအပြင် မိမိတို့ကိုယ်တိုင်အတွက် ကျွမ်းကျင်မှုများရရှိခြင်း၊ ကောင်းမွန်ပြည့်စုံသော အလုပ်အကိုင်များ ရှာဖွေတွေ့ရှိခြင်းကဲ့သို့သော ကောင်းမွန်သည့်အတွေ့အကြုံများကို ရရှိနိုင်ပါသည်။
ရွှေ့ပြောင်းသွားလာခြင်းမှတစ်ဆင့် အမျိုးသမီးများအနေဖြင့် လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် ကျား/မဆိုင်ရာ စံများသိရှိပြောင်းလဲလာစေနိုင်ပြီး အိမ်ထောင်စုများနှင့် ရပ်ရွာလူထုအသိုက်အ၀န်းအတွင်း အပြုသဘောဆောင်သောပြုပြင်ပြောင်းလဲမှုများ တိုးတက်ဖြစ်ပေါ်စေနိုင်ပါသည်။ သို့သော်လည်း အမျိုးသမီးအချို့သည် ပြဿနာများနှင့်ရင်ဆိုင် ကြုံတွေ့လာသည့်အခါတွင် ဥပဒေဆိုင်ရာနှင့် လူမှုဆိုင်ရာ ပံ့ပိုးကူညီမှုများ ရယူနိုင်ခြင်း မရှိကြောင်းကိုတွေ့ရသည်။
ရွှေ့ပြောင်းအလုပ်သမားအဖြစ်ရော၊ အမျိုးသမီးအဖြစ်ပါ ခွဲခြားဆက်ဆံမှုများကြုံတွေ့ခံစားရပြီး အကျိုးဆက်အားဖြင့်
အများနှင့်ကွဲကွာ၍ သီးခြားနေထိုင်လုပ်ကိုင်ရခြင်း၊ မျှတမှုမရှိသော လုပ်ငန်းခွင်အခြေအနေများ၊ အလွဲသုံးစားပြုမှုများ
နှင့် ခေါင်းပုံဖြတ်မှုများကို ခံစားကြရသည်။
ရွှေ့ပြောင်းသွားလာခြင်းမတိုင်မီအချိန်တွင်သော်လည်းကောင်း၊ ရွှေ့ပြောင်းသွားလာနေစဥအချိန်အတောအတွင်းနှင့်
နေရပ်ပြန်လာသည့်အချိန်တို့တွင်သော်လည်းကောင်း အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လိင်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့ရနိုင်သည်။ ပုံမှန်လမ်းကြောင်းမှဖြစ်စေ၊ ပုံမှန် မဟုတ်သည့်လမ်းကြောင်းများမှဖြစ်စေ ရွှေ့ပြောင်းသွားလာရာတွင် အမျိုးသမီးများအနေဖြင့် ပွဲစားများ၊ အလုပ်ရှင်များ အပြင် ၎င်းတို့ခင်မင်ရသည့် သူငယ်ချင်းမိတ်ဆွေနှင့် အခြားလူများ၏ အကြမ်းဖက်ခံရနိုင်မှု အခြေအနေများနှင့် ကြုံတွေ့နိုင်သည်။ ပုံမှန်မဟုတ်သည့်အခြေအနေတွင်ရှိသော အမျိုးသမီးများနှင့် အိမ်အကူအလုပ်သမားများအဖြစ်လုပ် ကိုင်သော အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ သီးခြားအခြေအနေနှင့် အထီးကျန်လုပ်ကိုင်နေရမှုများကြောင့်ခေါင်းပုံဖြတ်ခြင်း၊ အလွဲသုံးစားပြုခြင်း၊ အကြမ်းဖက်ခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်းနှင့် လူကုန်ကူးခြင်းအန္တရာယ်များနှင့် ကြုံတွေ့နိုင်ချေများပါသည်။ ကျန်းမာရေးစောင့်ရှောက်မှု၊ တရားမျှတမှု၊ ရဲ (သို့) လူမှုဝန်ဆောင်မှုများကဲ့သို့သော ၀န်ဆောင်မှုများကို အားကိုးရယူမှုနှင့်ပတ်သက်၍ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအနေဖြင့် နေရပ်ပြန်ပို့ခံရမည် ကို ကြောက်ရွံ့ခြင်း၊ အလွဲသုံးစားပြုမှုများကို အာဏာပိုင်အဖွဲ့အစည်းများသို့ တိုင်ကြားတင်ပြရန် ၀န်လေးနေခြင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများရှိခြင်း စသည့် အခက်အခဲများရှိပါသည်။
အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများအတွက် ဘေးကင်းလုံခြုံမှုရှိပြီး ၎င်းတို့၏ အလုပ်သမားဆိုင်ရာနှင့် လူ့အခွင့် အရေးများကို အပြည့်အ၀ ကာကွယ်စောင့်ရှောက်မှုရှိပြီး ဘေးကင်းလုံခြုံမှုနှင့် သင့်တင့်မျှတသည့် လုပ်ငန်းစဉ်များဖြစ်ပေါ်လာမှသာလျှင် ၎င်းတို့၏ ကောင်းမွန်အကျိုးရှိသော အတွေ့အကြုံများနှင့် ပါဝင်ဆောင်ရွက်မှုများ သေချာဖြစ်ပေါ် ရရှိလာမည်ဖြစ်သည်။
သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာများအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ILO Myanmar
Jacqueline Pollock (အင်္ဂလိပ်ဘာသာစကားဖြင့်) Chief Technical Advisor, Migration Projects ILO Liaison Office in Myanmar
Email: [email protected]
Hkun Sa Mun Htoi (မြန်မာဘာသာစကားဖြင့်) စီမံကိန်းညှိနှိုင်းရေးမှူး၊ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ စီမံကိန်း ILO ဆက်သွယ်ညှိနှိုင်းရေးရုံး၊ မြန်မာနိုင်ငံ။
အီးမေးလ် - [email protected]
UN Women Myanmar
Ms. Phyo Thu Nandar Aung (မြန်မာဘာသာစကားဖြင့်)
မြန်မာနိုင်ငံသား လုပ်ငန်းစီမံကိန်းအရာရှိ၊ SAFE and FAIR အီးမေးလ် - [email protected]
Montira Narkvichien (အင်္ဂလိပ်ဘာသာစကားဖြင့်) Regional Communications Specialist
UN Women Regional Office for Asia and the Pacific E-mail: [email protected]

Safe and Fair ၏ ရည်မှန်းချက်များ
“Safe and Fair – အာဆီယံဒေသအတွင်း အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးနှင့် အခွင့်အလမ်း များ တိုးတက်ရရှိစေခြင်း” စီမံကိန်းသည် အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပုံစံများ အားလုံး ပပျောက်ရေးဆောင်ရွက်သည့် EU-UN Spotlight Initiative နှစ်ရှည်စီမံကိန်း၏အစိတ်အပိုင်း တစ်ခုဖြစ်ပါ သည်။ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများ၏ ထိခိုက်လွယ်မှုအခြေအနေများကိုဖြေရှင်းခြင်း၊ လိုအပ်သည့်ဝန်ဆောင်မှုများကို ပိုမိုရရှိစေရန်ပံ့ပိုးပေးခြင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်ရွှေ့ပြောင်းသွားလာခြင်းစီမံအုပ်ချုပ်မှုတွင် အခွင့်အရေးအခြေပြုနှင့် ကျား/မ လိုအပ်ချက်အလိုက် ဖြည့်ဆည်းဆောင် ရွက်နည်းများကို ခိုင်မာအားကောင်းစေခြင်းဖြင့် အာဆီယံဒေသအတွင်းရှိ အမျိုးသမီးများအားလုံးအတွက် ဘေးကင်း လုံခြုံပြီး သင့်တင့်မျှတသည့် ရွှေ့ပြောင်းသွားလာမှု အောင်မြင်ဖြစ်ပေါ်လာစေရန်ဖြစ်ပါသည်။ Safe and Fair စီမံကိန်း အနေဖြင့် လုပ်သားရွှေ့ပြောင်းသွားလာမှုမူဝါဒများသည် ကျား/မ ရေးရာသတိပြုဆောင်ရွက်မှုရှိပြီး၊ အမျိုးသမီးရွှေ့ပြောင်းသွားလာသူများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဥပဒေများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းအစီအစဉ်များ သည် စနစ်တကျ သေချာဖြစ်ပေါ်စေရန်အတွက် ထူးခြားကောင်းမွန်သည့် အခွင့်အလမ်းတစ်ရပ်ကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါသည်။ စီမံကိန်းသည် အမျိုးသားအဆင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများအကြား စုပေါင်းသင်းဖွဲ့ဆောင်ရွက်မှုနှင့် ကွန်ယက်ဖွဲ့ချိတ်ဆက်ဆောင်ရွက်မှုများအတွက် ပံ့ပိုးဆောင်ရွက်သွားပါမည်။ ယူရို ၂၅ သန်း ဘတ်ဂျက်ပမာဏဖြင့် ဥရောပသမဂ္ဂက ရန်ပုံငွေ ပံ့ပိုးပေးမည်ဖြစ်ပြီး UN Women နှင့် ILO တို့ကမိတ်ဖက်ပြု၍ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ အာဆီယံနိုင်ငံများကို ဦးတည်ဆောင်ရွက်မည့် ဤစီမံကိန်းသည် ၂၀၁၈ ခုနှစ်မှစ၍ ၅ နှစ်တာ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာများအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။