Op-Ed

အိမ်အကူအလုပ်သမားများအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်ဖြစ်ရေး အတွက် ဆက်လက်မစောင့်ဆိုင်းသင့်တော့ပါ

အိမ်အကူအလုပ်သမားများဆိုင်ရာ ပြဌာန်းချက်ကို အတည်ပြုချမှတ်ခဲ့သည့် (၁၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) သည် မြန်မာနိုင်ငံရှိ အိမ်အကူအလုပ်သမားများ၏ စွမ်းရည် မြှင့်တင်ခြင်းနှင့် အခွင့်အရေး တိုးတက်မှုများကို ပြန်လည်သုံးသပ်ထားပြီး အားလုံးအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်၊ အလုပ်သမားအခွင့်အရေးများနှင့် လူမှုကာကွယ်စောင့်ရှောက်မှုများ သေချာစွာ ရရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် အဆင့်များကိုလည်း အလေးပေးဖော်ပြထားပါသည်။

၁၇ ဇွန် ၂၀၂၆

Content also available in: English
International Domestic Workers Day Illustration
© ILO-Myanmar
© ILO-Myanmar
International Domestic Workers Day Illustration

လွန်ခဲ့သော ၁၅ နှစ်က ဆွစ်ဇာလန်နိုင်ငံ၌ နေသာသော ဇွန်လ၏ နေ့ရက်တစ်ရက်တွင် ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော အိမ်အကူအလုပ်သမားများသည် ၎င်းတို့နှင့် ထိုက်တန်သည့် အသိအမှတ်ပြုမှုကို ရရှိခဲ့ကြသည်။

၂၀၁၁ခုနှစ် ဂျီနီဗာမြို့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ၌ အိမ်အကူအလုပ်သမား ဆိုင်ရာ ပြဌာန်းချက်- အမှတ် ၁၈၉ ကို အတည်ပြုခဲ့ကြခြင်းဖြင့် အိမ်အကူအလုပ်ကို အခြားအလုပ်အကိုင် များကဲ့သို့ တန်ဖိုးရှိသော အလုပ်အကိုင်တစ်ရပ်အဖြစ် အသိအမှတ်ပြုခဲ့သည့် သမိုင်းမှတ်တိုင်ကို စိုက်ထူခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အိမ်အကူအလုပ်သမားများသည် မိသားစုများ၊ လူမှုအသိုက်အဝန်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပံ့ပိုးပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ၎င်းတို့သည် အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ အစားအစာချက်ပြုတ်ခြင်း၊ အိမ်ကိုကြည့်ရှုစောင့်ရှောက်ပေးခြင်း၊ ဥယျာဉ်ပန်းမန် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ကြသည်။ ထို့ပြင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ပြုစု စောင့်ရှောက်မှုလိုအပ်နေသော မသန်စွမ်းသူများကိုလည်း ပြုစုစောင့်ရှောက်ပေးကြသည်။

သို့သော် အမျိုးသမီးအများစုဖြစ်သည့် အိမ်အကူအလုပ်သမားများအပေါ် တန်ဖိုးထားမှုမရှိခြင်း၊ ကာကွယ် စောင့်ရှောက်မှု မလုံလောက်ခြင်းနှင့် ကိုယ်စားပြုမှု မရှိခြင်းများကို ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံနှုန်းတစ်ရပ်ဖြစ်သည့် အိမ်အကူအလုပ်သမားများဆိုင်ရာ ပြဌာန်းချက် သည် အိမ်အကူအလုပ်သမားများကို အခြားအလုပ်သမားများနည်းတူ အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်မှုများ ရသင့်ရထိုင်သော အလုပ်သမားများအဖြစ် အသိအမှတ်ပြုခြင်းအားဖြင့် အပြောင်းအလဲ အတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့သည်။

ပြဌာန်းချက်ကို အတည်ပြုခဲ့ပြီးသည့် ၁၅ နှစ်အတွင်း နိုင်ငံအများအပြားတွင် အိမ်အကူအလုပ်သမားများ အတွက် ကာကွယ်စောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာခဲ့သည်။ ၂၀၂၁ ခုနှစ်အထိ တစ်ကမ္ဘာလုံး၌ အလုပ်သမားဥပဒေအရ အသိအမှတ်ပြုခံရသော အိမ်အကူအလုပ်သမား အချိုးအစားမှာ ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယင်းသို့တိုးတက်မှုများရှိသော်လည်း သန်းပေါင်းများစွာသော အိမ်အကူအလုပ်သမား များသည် အလုပ်သမားအခွင့်အရေးများ၊ လူမှုကာကွယ်စောင့်ရှောက်မှုများနှင့် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်အခြေအနေများမှ ဖယ်ကျဉ်ခံထားနေရဆဲဖြစ်သည်။ ထိုသို့ ဖယ်ကျဉ်ထားခံရခြင်း အခြေအနေ များသည် မြန်မာနိုင်ငံတွင်လည်း ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ဥပဒေနှင့် လူမှုကာကွယ်စောင့်ရှောက်မှု အကန့်အသတ်ရှိသော တရားဝင်မဟုတ်သည့် အလုပ်ခန့်ထားမှုစနစ်များ အောက်တွင် အလုပ်လုပ်ကိုင်နေသော အိမ်အကူအလုပ်သမားများ ထောင်ပေါင်း များစွာရှိနေပြီး အများစုမှာ အမျိုးသမီးများနှင့် မိန်းကလေးများ ဖြစ်ကြသည်။ အိမ်အကူအလုပ်သည် အိမ်ထောင်စုများ၊ စောင့်ရှောက်ရေးစနစ်များနှင့် စီးပွားရေးတစ်ခုလုံးအတွက် အရေးပါ၍ အထောက်အကူ ဖြစ်နေသော်လည်း မြင်သာမှုအနည်းဆုံး အလုပ်အကိုင်အမျိုးအစားများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိ နေသည်။ အိမ်အကူအလုပ်သမားများသည် အလုပ်ချိန်များစွာလုပ်ကိုင်ရခြင်း၊ လုပ်ခလစာ နည်းပါးခြင်း၊ အလုပ်အကိုင်မတည်ငြိမ်ခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်မှုများ လက်လှမ်းမမီခြင်းတို့ကို ကြုံတွေ့နေရ သည်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအိမ်အကူအလုပ်သမားများအတွက်မူ အဆိုပါ စိန်ခေါ်မှုများအပြင် ကန့်သတ်ထားသော လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများ၊ လုပ်သားစုဆောင်းသည့် ကုန်ကျစရိတ်များ၊ ဘာသာစကားအခက်အခဲများ၊ အလုပ်ရှင်အပေါ် မှီခိုနေရမှုများနှင့် တရားဝင်နေထိုင်ခွင့် ဆုံးရှုံးမည်ကို စိုးရိမ်ရခြင်းများကိုလည်း ထပ်မံရင်ဆိုင်ရလေ့ရှိသည်။ ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ကို ရှာဖွေရန် ပြည်ပသို့ ထွက်ခွာကြသော်လည်း မမျှတသော လုပ်သားခေါ်ယူရေး လုပ်ငန်းစဉ်များ၊ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးများနှင့် တစ်ဦးထဲအလုပ်လုပ်ရသော လုပ်ခွင်များတွင် အမြတ်ထုတ်ခံရမှုများကို ကြုံတွေ့နိုင် သည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံ ပြည်တွင်းနှင့် ပြည်ပရောက် မြန်မာအိမ်အကူအလုပ်သမားများကို ကာကွယ် စောင့်ရှောက်ရန် ယခင်ကထက် ပိုမိုအရေးကြီးလာသည်။ မြန်မာနိုင်ငံသည် စီးပွားရေးနှင့် လူမှုရေး စိန်ခေါ်မှု များကို ဆက်လက်ရင်ဆိုင်နေရသည့်အတွက် အိမ်အကူအလုပ်သမားများအတွက် ကာကွယ် စောင့်ရှောက်မှု၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးနှင့် အထောက်အပံ့ဝန်ဆောင်မှုများကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ခြင်း သည် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်နှင့် ဘေးကင်းလုံခြုံသော ရွှေ့ပြောင်းသွားလာခြင်း လမ်းကြောင်းများ ဖော်ဆောင်ရာတွင် အရေးပါသည်။

ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း၌ တိုးတက်မှုများ ရှိလာခဲ့သော်လည်း ယခုအချိန်တွင် မေးခွန်းထုတ်ရမည့် အချက်မှာ လာမည့် ၁၅ နှစ်အတွင်း အိမ်အကူအလုပ်သမားများအား ပိုမိုကောင်းမွန်စွာ ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် အပြောင်းအလဲများကို မည်သို့ အရှိန်မြှင့်ဆောင်ရွက်ကြမည်နည်း ဟူသော အချက်ဖြစ်သည်။ ကျေးဇူးတင်စွာဖြင့် ယနေ့ အိမ်အကူအလုပ်သမားကဏ္ဍသည် လွန်ခဲ့သော ၁၅ နှစ်ကထက် ပိုမိုအားကောင်းလာပြီဖြစ်သည်။ နိုင်ငံများစွာက အိမ်အကူအလုပ်သမားများဆိုင်ရာ ပြဌာန်းချက်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသကဲ့သို့ အလုပ်သမား ကာကွယ်စောင့်ရှောက်မှုများကိုလည်း တိုးချဲ့ ဆောင်ရွက်လာကြပြီး အလုပ်သမားအခွင့်အရေးများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အဖွဲ့အစည်း ဆိုင်ရာ စွမ်းဆောင်ရည်များကိုလည်း မြှင့်တင်လာကြသည်။ အာဆီယံဒေသတွင်လည်း အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အိမ်အကူအလုပ်သမားများအတွက် ကာကွယ်စောင့်ရှောက်မှုများကို ယခုနှစ်နှင့် ၂၀၂၄ ခုနှစ် တို့၌ အသီးသီး တိုးမြှင့်ဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အိမ်အကူအလုပ်သမားများကို အသိအမှတ်ပြုခံရမှုနှင့် ကာကွယ်စောင့်ရှောက်မှုများ ပိုမိုခိုင်မာလာစေရန် အရေးပါသော ခြေလှမ်းများ လုပ်ဆောင်မှုရှိခဲ့သည်။ ILO ၏ TRIANGLE စီမံချက်သည် အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် အိမ်အကူ အလုပ်သမားများအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးရေးသင်တန်းများ၊ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ခြင်း၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ အသိပညာပေးမှုများ၊ လုံခြုံသော ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ သတင်း အချက်အလက်များနှင့် ပံ့ပိုးရေးဝန်ဆောင်မှုများကို လက်လှမ်းမီ ရရှိလာခဲ့ကြသည်။ ထိုလုပ်ငန်းစဉ်များ ကြောင့် မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော အိမ်အကူအလုပ်သမားများနှင့် ပြည်ပတွင် အလုပ်အကိုင်ရှာဖွေနေသော ရွှေ့ပြောင်းအိမ်အကူအလုပ်သမားများသည် မိမိတို့၏ အခွင့်အရေးများကို ပိုမိုနားလည် သဘောပေါက်လာပြီး တောင်းဆိုကာကွယ်နိုင်စွမ်း မြင့်မားလာသည့်အပြင် အလုပ်အကိုင် အခြေအနေများကို တိုးတက်ကောင်းမွန်စေကာ ကူညီပံ့ပိုးရေး ကွန်ရက်များကိုလည်း ပိုမိုခိုင်မာစွာ တည်ဆောက်နိုင်ခဲ့သည်။

အိမ်အကူအလုပ်သမားအဖွဲ့အစည်းများလည်း တိုးတက်အားကောင်းလာခဲ့ပြီး ယနေ့တွင် အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများအဖွဲ့ချုပ် (IDWF) သည် နိုင်ငံပေါင်း ၇၁ နိုင်ငံမှ အဖွဲ့ဝင်အဖွဲ့အစည်း ၉၄ ဖွဲ့ကို စုစည်းထားပြီး အိမ်အကူအလုပ်သမား ၆၇၆,၀၀၀ ကျော်ကို ကိုယ်စားပြုလျက်ရှိသည်။

မြန်မာနိုင်ငံတွင်လည်း အိမ်အကူအလုပ်သမားများသည် ၄င်းတို့၏ စုပေါင်းအသံကို မြှင့်တင်နိုင်ရေးအတွက် ဖွဲ့စည်းတည်ဆောက်မှုများ ဆောင်ရွက်လာခဲ့ကြပြီး ထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြသည်။ ILO နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး အိမ်အကူအလုပ်သမားများ ကိုယ်တိုင်ဦးဆောင်ဖွဲ့စည်းထားသည့် “မြန်မာအိမ်အကူအလုပ်သမားများအသင်း” ကို တည်ထောင် နိုင်ခဲ့သည်။ အဆိုပါအသင်းသည် အလုပ်သမားအခွင့်အရေးများ မြှင့်တင်ရေး၊ အိမ်အကူအလုပ်သမားများ အတွက် ပိုမိုကောင်းမွန်သော ကာကွယ်စောင့်ရှောက်မှုနှင့် အသိအမှတ်ပြုမှုများ ရရှိရေးအတွက် ဆောင်ရွက်ခြင်း၊ အိမ်အကူအလုပ်သမားများ အချင်းချင်း အတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊ စည်းလုံး ညီညွတ်မှုတည်ဆောက်နိုင်ခြင်းနှင့် အပြုသဘောဆောင်သော အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် ဆွေးနွေးဖလှယ်နိုင်သည့် ပလက်ဖောင်းတစ်ခု ဖန်တီးပေးခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ယင်းကြိုးပမ်းအားထုတ်မှုများသည် ပိုမိုပါဝင်ခွင့်ရှိပြီး တရားမျှတသော အနာဂတ် အလုပ်အကိုင်ဝန်းကျင်တစ်ခု တည်ဆောက်ရာတွင် အိမ်အကူအလုပ်သမားများ၏ စွမ်းအားနှင့် ခေါင်းဆောင်မှု အခန်းကဏ္ဍ၏ တိုးတက်အားကောင်းလာမှုကို ထင်ဟပ်ပြသလျက်ရှိသည်။

အိမ်အကူအလုပ်သမားဆိုင်ရာ ပြဌာန်းချက်ကို အတည်ပြုလက်မှတ်ရေးထိုးခြင်းသည် အိမ်အကူ အလုပ်သမားများကို ကာကွယ်စောင့်ရှောက်ရန်အတွက် အဓိကကျသော အခြေခံအချက်တစ်ရပ် ဖြစ်သော်လည်း ထိုသို့အတည်ပြုလက်မှတ်ရေးထိုးခြင်းသည် ခရီးလမ်းဆုံး မဟုတ်ပေ။ ထိုသို့ ဆောင်ရွက်ခြင်းက အိမ်အကူအလုပ်သမားများအတွက် အခွင့်အရေးများ၊ ကိုယ်စားပြုမှုများနှင့် လူမှုတရား မျှတမှုတို့၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း အာမခံပေးသည့် ကတိကဝတ်တစ်ရပ် ဖြစ်ပေသည်။

ထို့ကြောင့် ယနေ့သည် အိမ်အကူအလုပ်သမားဆိုင်ရာ ပြဌာန်းချက်၏ နှစ်ပတ်လည်နေ့ကို အမှတ်ရခြင်းထက် ပိုမိုအဓိပ္ပာယ်ရှိသည်။ ဤနေ့ရက်သည် အားလုံးနှင့် သက်ဆိုင်သည့် စံတန်ဖိုးများနှင့် အများနှင့်ဆိုင်သော အကျိုးစီးပွားများအပေါ် အခြေခံ၍ ကဏ္ဍအသီးသီး၊ နယ်နိမိတ်အသီးသီးနှင့် မတူကွဲပြားသော လူမှုအစုအဖွဲ့ များအကြား ပူးပေါင်းလှုပ်ရှားမှုများကို တည်ဆောက်ရန်နှင့် အရှိန်မြှင့်ဆောင်ရွက်ရန် တိုက်တွန်းသည့် နှိုးဆော်မှုတစ်ရပ် ဖြစ်ပေသည်။ သို့သော် လက်ရှိတိုးတက်မှုနှုန်းအတိုင်း ဆက်လက်သွားနေပါက ကမ္ဘာတစ်ဝန်းရှိ အိမ်အကူအလုပ်သမားအားလုံး ကာကွယ်စောင့်ရှောက်မှု ရရှိနိုင်ရန် နောက်ထပ် ၈၅ နှစ်ခန့် အချိန်ယူရဦးမည်ဖြစ်သည်။ ထိုနှုန်းသည် အလွန်နှေးကွေးလွန်းလှပါသည်။

အိမ်အကူအလုပ်သမားများသည် ကျွန်ုပ်တို့၏ စီးပွားရေးစနစ်များ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး လုပ်သား စျေးကွက်အတွင်းရှိ သန်းပေါင်းများစွာသော အမျိုးသမီးများနှင့် အမျိုးသားများနှင့် ၄င်းတို့၏ မိသားစု ဘဝတွင် ပါဝင်ဆောင်ရွက်နိုင်စေရန် မရှိမဖြစ်လိုအပ်သော စောင့်ရှောက်ရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိသည်။ ထို့ကြောင့် ၎င်းတို့ ထိုက်တန်စွာ ရရှိသင့်သည့် အလုပ်သမားကာကွယ် စောင့်ရှောက်မှု များကို ထပ်မံစောင့်ဆိုင်းနေစေရန် မဖြစ်သင့်တော့ပေ။ ယခုအချိန်သည် အိမ်အကူအလုပ်သမားများ ကိုယ်တိုင် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်၏ ခိုင်မာသော အခြေခံအုတ်မြစ်ပေါ်တွင် ရပ်တည်နိုင် စေရန် အာမခံဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည်။ ကျွန်ုပ်တို့အားလုံးအတွက် စုပေါင်းကောင်းကျိုး ချမ်းသာရရှိမှုသည် ထိုအရာအပေါ် မူတည်နေပါသည်။