SAFEDAY

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(မြန်မာ)မှကမ္ဘာ့လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာနေ့တွင် လက်ရှိအကျပ်တည်းကာလများအတွင်း ခံနိုင်ရည်ရှိမှုအား တည်ဆောက်ရာ၌ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေး၏ အရေးပါမှုအားမီးမောင်းထိုးပြခြင်း

ဧပြီလ ၂၈ ရက်နေ့သည် ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာနေ့ ဖြစ်ပါသည်။ ယခုနှစ် အသိပညာပေးလှုပ်ရှားမှုအစီအစဥ်သည် လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးစီမံခန့်ခွဲမှုဖြင့် COVID-19 ကဲ့သို့ ကမ္ဘာ့ကပ်ရောဂါကို ခံနိုင်ရည်ရှိစွာတုံ့ပြန်နိုင်စေရန်နှင့် ပြောင်းလဲမှုများလုပ်ဆောင်ရာတွင် အလုပ်သမား၊ အလုပ်ရှင်တို့၏ အရေးပါသော အခန်းကဏ္ဍများကို အလေးပေးထားပါသည်။

၂၈ ဧပြီ ၂၀၂၂

Content also available in: English

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မြန်မာ မှ ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာနေ့ (World Day for Safety and Health at Work) တွင် လက်ရှိ အကျပ်တည်းကာလများအတွင်း ခံနိုင်ရည်ရှိမှုအားတည်ဆောက်ရာ၌ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး၏ အရေးပါမှုအား မီးမောင်းထိုးပြခြင်း

ယနေ့ ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးနေ့ (World Day for Safety and Health at Work) အထိမ်းအမှတ်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ သတင်းအချက်အလက်များ ဝေမျှပေးသော အသိပညာပေးလှုပ်ရှားမှုအစီအစဥ် တစ်ခုကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ထိုအသိပညာပေး လှုပ်ရှားမှုအစီအစဥ်သည် လုပ်ငန်းခွင်ထိခိုက်ခြင်းနှင့် သေဆုံးခြင်းတို့ကို ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်ပါသည်။

အလုပ်ခွင် ကျန်းမာလုံခြုံအောင်အတူပူးပေါင်းပါဝင်ကြရအောင်” အသိပညာပေး လှုပ်ရှားမှု အစီအစဥ် သည် အလုပ်သမားတို့၊ အလုပ်ရှင်တို့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် ကျန်းမာရေး အသိပညာတိုးပွားလာ၍ လုပ်ငန်းခွင်တွင် မတော်တဆဖြစ်ခြင်း၊ အနာတရ ဖြစ်ခြင်း၊ နေမကောင်းဖြစ်ခြင်းနှင့် ရောဂါဖြစ်ခြင်းတို့အား ကာကွယ်တားဆီးနိုင်ရန် အပြုအမူများ၊ စီမံဆောင်ရွက်ချက်များ သိရှိဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ပါသည်။

ယခုနှစ် အသိပညာပေးလှုပ်ရှားမှုအစီအစဥ်သည် လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေးစီမံခန့်ခွဲမှုဖြင့် ပြည်သူများ၏ ကျန်းမာရေးအကျပ်အတည်းကဲ့သို့သော COVID-19 ကပ်ရောဂါကို ခံနိုင်ရည်ရှိစွာတုံ့ပြန်နိုင်စေရန်နှင့် ပြောင်းလဲမှုများလုပ်ဆောင်ရာတွင် အလုပ်သမား၊ အလုပ်ရှင်တို့၏ အရေးပါသော အခန်းကဏ္ဍများကို အလေးပေးထားပါသည်။ ယခုအသိပညာပေး လှုပ်ရှားမှုအစီအစဥ်၏ Facebook Page တွင် လုပ်ငန်းခွင် မတော်တဆဖြစ်ခြင်း၊ ထိခိုက်ခြင်းတို့အား ကာကွယ်တားဆီးခြင်း၊ အလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်းတို့နှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ COVID-19 နှင့် စိတ်ကျန်းမာရေး ထိခိုက်မှု ကာကွယ်တားဆီးရန်နှင့်လျှော့ချစေရန် သင်တန်းများ ပို့ချပေးခြင်းတို့ ပါဝင်ပါသည်။

“မြန်မာနိုင်ငံ၏ စီးပွားရေး အသက်မွေးလုပ်ငန်းတို့အား ထိခိုက်နေသည့် COVID-19 ရောဂါ နှင့် စစ်တပ်၏ အာဏာလွှဲပြောင်းယူမှု နောက်ဆက်တွဲ အကျိုးဆက်များကို ကြံ့ကြံ့ခံ၍ တောင့်ခံနိုင်မှုတို့အား တည်ဆောက်ရာတွင် လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုသည် အခြေခံ အုတ်မြစ်ဖြစ်ပါသည်” ဟုအပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်/ဆက်သွယ်ညှိနှိုင်းရေး အရာရှိ Mr. Donglin LI မှ ပြောကြားခဲ့ပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းခွင် မတော်တဆမှုများ၊ လုပ်ငန်းခွင်မှ ရရှိသော ရောဂါများကြောင့် အမျိုးသမီး၊ အမျိုးသား လုပ်သားပေါင်း (၂.၉) သန်း တို့ နှစ်စဉ်နှစ်တိုင်း သေဆုံးနေကြရသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ ခန့်မှန်းထားပါသည်။ ထိုသို့သော သေဆုံးမှုများ၏ (၁.၅) သန်းကျော်သည် လုပ်ငန်းခွင် အခြေအနေတို့ကြောင့် ရရှိသော မကူးစက်တတ်သောရောဂါတို့ကြောင့် ဖြစ်သည်။ ထို့အပြင် လုပ်ငန်းခွင်ဆိုင်ရာ မသေဆုံးနိုင် သော မတော်တဆမှုသန်းပေါင်း (၃၆၀) နှစ်စဉ် ဖြစ်ပွားလျက်ရှိ နေပါသည်။

ကမ္ဘာ့လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးနေ့ (SafeDay) သည် လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးအခန်းကဏ္ဍ၏ အဓိကကျသော အစီအမံနှစ်ခု ဖြစ်သည့် သိရှိနားလည်မှု မြှင့်တင်ခြင်းနှင့် အားပေး ထောက်ခံလိုက်နာ နိုင်စေခြင်း တို့၏ လွန်စွာအရေးပါမှုကို ဖော်ပြနေပါသည်။ SafeDay သည် ၂၀၃၀ ခုနှစ်တွင် အလုပ်သမားအားလုံး အတွက် လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ပတ်ဝန်းကျင် ရရှိစေနိုင်ရန် ရည်ရွယ်သည့် “ကုလသမဂ္ဂ၏ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်” ၏ ပန်းတိုင် နံပါတ် ၈ အား ထောက်ပံ့ကူညီပေးပါသည်။

COVID-19 ရောဂါ ကာကွယ်တားဆီးရန်နှင့် လျှော့ချစေရန်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မြန်မာမှ ဆက်လက် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။ ၂၀၂၀ခုနှစ် COVID-19 ရောဂါ စတင်သည့် အချိန်မှစ၍ ပြည်နယ်နှင့်တိုင်းအားလုံးမှ အလုပ်သမားနှင့် အလုပ်ရှင်ပေါင်း ၆၀၀၀ကျော် (အမျိုးသမီး ၅၈ ရာခိုင်နှုန်း) တို့အား Vision Zero Fund စီမံကိန်းမှ COVID-19 ရောဂါ ကာကွယ်တားဆီးခြင်းနှင့် လျှော့ချခြင်း စသော သင်တန်းပို့ချမှုများ ဆောင်ရွက်ပေးနေခဲ့ပါသည်။ ထို့အပြင် ILO Global Flagship အစီအစဥ်ဖြစ်သော Safety + Health for All ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံရှိ လုပ်သားအားလုံး၏ ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့်ကျန်းမာရေး (Safety and Health for All Workers) စီမံကိန်းအောက်တွင် စိတ်ကျန်းမာရေးသည်လည်း အဓိကဦးစားပေးသော ဆောင်ရွက်နေသော လုပ်ငန်းတစ်ခုဖြစ်သည်။ ၎င်းစီမံကိန်းသည် စိတ်ကျန်းမာရေး သတင်းအချက်အလက်ဆိုင်ရာ ကဏ္ဍများ၊အသိမြှင့်တင်ရေးနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အခြေခံရှေးဦးသူနာပြုဆိုင်ရာ သင်တန်းပို့ချမှုတို့ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စီမံဆောင်ရွက်ပေးခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ဦးဆောင်မှုဖြင့် အခြားများစွာသော အလှူရှင်တို့၏ ထောက်ပံ့ပေးမှုဖြင့် ဖွဲ့စည်းထားသည့် Vision Zero Fund စီမံကိန်းနှင့်၊ ဂျပန်အစိုးရမှ ထောက်ပံ့ပေးထားသည့် Safety and Health for All Workers in Myanmar စီမံကိန်းတို့ ပူးပေါင်းကာ SafeDay အသိပညာပေးလှုပ်ရှားမှုအစီအစဥ်ကို စီမံဆောင်ရွက်ထားပါသည်။

အထက်ပါ အကြောင်းအရာတို့နှင့်ပက်သက်ပြီး ပိုမိုသိရှိလိုပါက -

Senior Technical Officer ဖြစ်သည့် Ms. Mariana Infante Villarroel ၏ အီးမေးလ် ([email protected]) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။