၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားအတွက် မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက် ကုန်ထုတ် လုပ်ငန်းဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၏ Statement

၂၀၂၀ ခုနှစ်သည် ကလေးများ၏ လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်နေထိုင်မှု၊ ကျန်းမာသန်စွမ်းစွာ ပညာသင်ကြားနိုင်မှုနှင့် ကလေးများ၏ အနာဂါတ်အား လုံခြုံဘေးကင်းစွာ ဖန်တီးနိုင်မှုတို့အား အတိအကျ ခြိမ်းခြောက်သည့်နှစ်ဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါ COVID 19 ကြောင့် နိုင်ငံတိုင်း၏ ကုန်ထုတ်လုပ်မှုများစွာ ထိခိုက်ခဲ့ပြီး လုပ်သားဈေးကွက် မရေရာမသေချာမှုသည် မိသားစုများ၏ စားဝတ်နေမှု ဘဝများအတွက် ကြီးမားသည့် ဖိအားပေးမှု၏ နောက်ဆက်တွဲဆိုးကျိုးသည် ကလေးများအား လုံခြုံမှုမရှိသည့် လုပ်ငန်းခွင်များသို့ တွန်းပို့နေပေသည်။

Statement | 12 June 2020
ယနေ့မျက်မှောက်ကမ္ဘာကြီးတွင် ၁၅၂ သန်းသော ကလေးများသည် လုပ်ငန်းခွင်သို့ အတင်းအကြပ် တွန်းပို့ခံနေရပြီး ထိုထဲမှ ၇၂ သန်းသည် အန္တရာယ်ကြီးမားသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြရသည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေပြုနိုင်ငံဖြစ်ပြီး စားသောက်ကုန်ထုတ်လုပ်နေသော်လည်း နည်းပညာအားနည်းမှု၊ ဈေးကွက်အခွင့်အလမ်း နည်းပါးမှုနှင့် ပြည်တွင်းပဋိပက္ခများကြောင့် တဉီးချင်းဝင်ငွေ နည်းပါးကာ ဆင်းရဲမွဲတေသည့် နိုင်ငံအဖြစ်သို့ ရောက်ခဲ့ရသည်။ အထူးသဖြင့် ရာသီဉတုဆိုးရွားဖေါက်ပြန်မှု ကြောင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးခဲ့ပြီး ကြွေးမြီ၏အဓိက သားကောင်အဖြစ် ကလေး အလုပ်သမားများ ဖြစ်ခဲ့ရသည်။ တဖက်တွင်လည်း တိုးတက်ဖွံ့ဖြိုးလာမှုကြောင့် လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်ပြီး ခရီးသွားလာမှု လွယ်ကူလာခြင်းသည် ပြည်သူအချို့အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်သော်လည်း သုတပညာနိမ့်ပါးပြီး ဝင်ငွေနည်းလွန်းသည့် ကျေးလက်နေ အခြေခံအလုပ်သမား လယ်သမားများ၏ သားသမီးများသည် အာမခံချက်မရှိသည့် အလုပ်ကြမ်းအင်အားစုအဖြစ်သို့ ရောက်ရှိခဲ့ရပေသည်။

အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများနှင့် တည်ငြိမ်သည့်အလုပ် အကိုင်မရှိသော လုပ်ငန်းနယ်ပယ်တွင် ကလေးအလုပ်သမား ခိုင်းစေမှု အဆမတန်မြင့်မား လာနိုင်သည့် အခြေအနေမြင်တွေ့နေရသည်။

ကလေးသူငယ်များအား ပြုစုပျိုးထောင်ခြင်းသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်။ ထို့အတူ ကလေးသူငယ်များအား ကြမ်းတမ်းစွာခိုင်းစေခြင်းသည် ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်။ သို့ဖြစ်၍ ကလေးငယ်များ ဆိုးရွားကြမ်းတမ်းသည့် အလုပ်ခွင့်သို့ရောက်ရှိခြင်းအား အဆုံးသတ်လိုလျှင် မိသားစုအတွက် လူမှုဘဝနှင့် ကိုက်ညီသည့် ဝင်ငွေနှင့်တည်မြဲသည့် အလုပ်အကိုင်ရရှိမှုသည် အရေးကြီးလှသည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အဓိကအလုပ်အကိုင်ဖြစ်သည့် စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန် မဖြစ်မနေဆောင်ရွက်သင့်ပေသည်။ သို့မှသာ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ ပြည့်စုံကြွယ်ဝပြီး ကျေးလက်နေ ပြည်သူအများစု၏ သားသမီးများဘဝ အဆင့်အတန်းတိုးတက် မြင့်မားလာမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကြီး (ILO) နှင့် နိုင်ငံတကာအစိုးရများ၊ အစိုးရကိုယ်စား လူထု အခြေပြုလုပ်ငန်းများဆောင်ရွက်သည့် အဖွဲ့အစည်းများအားလုံးအနေဖြင့်လည်း အချိန်တိုအတွင်း ထိရောက်ပြီး အကျိုးရလဒ်များရရှိနိုင်မည့် လုပ်ငန်းစဉ်များဆောင်ရွက်ရန် ကြိုးစားနေကြပေသည်။

ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံများ၏ အလုပ်အကိုင်၊ ဝင်ငွေနှင့်လူမှုစီးပွား တရားမျှတမှုတို့သေချာ ရေရာမှု မရှိချိန်တွင် ကလေးများအား ပိုမို၍ ဂရုစိုက်ကာကွယ်ပေးသင့်သည်။

သို့ဖြစ်၍ ကျွန်ုပ်တို့ မြန်မာနိုင်ငံတောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ် လုပ်ငန်းဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အနေဖြင့် ၂၀၂၀ ခုနှစ် COVID 19 ကပ်ရောဂါ၏ နောက်ဆက်တွဲဆိုးမွေအား အကောင်းဆုံး ပြန်လည်တုန့်ပြန်နိုင်စေရန် အခြေခံအလုပ်သမား လယ်သမားများ၏ လူမှုဘဝအခြေအနေမှန်အား နိုင်ငံတော်အစိုးရ၊ ဒေသန္တရအစိုးရများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အထောက်အထား ခိုင်လုံစွာဖြင့် တင်ပြပေးမည်ဖြစ်သည်။ ထို့နည်းတူ အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်၊ ပြည်သူတရပ်လုံးနှင့် လက်တွဲပါဝင် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားအလုံးစုံ ပပျောက်သည်အထိ အရှိန်မြင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သဘောထား ထုတ်ပြန် ကြေညာအပ်ပါသည်။

ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ
AFFM & Food Allied Workers