၂၀၂၁ ခုနှစ် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့

ကမ္ဘာတစ်ဝှမ်းတွင် ကလေးအလုပ်သမားပေါင်း သန်း ၁၆၀ ထိ မြင့်တက်လာသည်နှင့်အမျှ မြန်မာနိုင်ငံရှိကလေးများကို အကာအကွယ်ပေးရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှ အရေးတကြီး မေတ္တာရပ်ခံပါသည်။

Press release | 11 June 2021
(ရန်ကုန် - အိုင်အယ်လ်အိုသတင်း) - အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် UNICEF တို့ ၏ ကမ္ဘာလုံးဆိုင်ရာအစီရင်ခံစာအသစ် အရ လွန်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း ကလေးသူငယ် ၄.၈သန်းတိုးပွားလာခဲ့ကြောင်းသိရှိရပါသည်၊ COVID-19 ၏အကျိုးသက်ရောက်မှုကြောင့် သန်းပေါင်းများစွာသော ကလေးများသည် ဘေးအန္တရာယ် ကျရောက်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များထဲမှ ကလေးအလုပ်သမားဦးရေသန်း ၁၆၀ထိ မြင့်တက် လာခဲ့ပါသည်။ ၎င်းသည် အနှစ်၂၀အတွင်း ပထမဦးဆုံးအကြိမ်ကလေးအလုပ်သမား တိုးမြင့်လာခြင်းဖြစ် သည်ကို ပြနေသည်။

“ခန့်မှန်းချက်အသစ်များက ကျွန်ုပ်တို့နိုးထလာစေဖို့ တပ်လှန့်သံဖြစ်သည်။ မျိုးဆက်သစ်ကလေးသူငယ်များ ဘေးအန္တရာယ်ထဲကျရောက်ချိန်တွင် ကျွန်ုပ်တို့ လက်ပိုက်ကြည့် မနေနိုင်ပါ”ဟု ILO ၏ညွှန်ကြားရေးမှူးချုပ် Guy Ryder ကပြောကြားပါသည်။ “ကျွန်ုပ်တို့သည် အရေးကြီးသောအချိန်ကာလတစ်ခုသို့ရောက်ရှိနေပြီး ယင်းက ကျွန်ုပ်တို့၏တုံ့ပြန်မှုများ အပေါ်များစွာ မူတည်နေပါသည်။ ယခုအချိန်သည် ဆင်းရဲနွမ်းပါးမှုနှင့် ကလေးအလုပ်သမားသံသရာစက်ဝိုင်းကိုအဆုံးသတ်ပြီး၊ ချောင်ပိတ်နေမှုမှ ပြန်ချိုးကွေ့ရန်အတွက် ကတိ ကဝတ်နှင့် စွမ်းအင်သစ်များပြန်လည်စတင်ရန်အချိန်ဖြစ်သည်။”

ဇွန်လ ၁၂ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အတွက်၊  မြန်မာနိုင်ငံတွင်  ILO နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များက တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့်အရေးကြီးသောဤ သတင်းစကားကို ထပ်လောင်းအသိပေး နှိုးဆော်အပ်ပါသည်။  “မြန်မာနိုင်ငံတွင် စာရင်းအချက်အလက် အသစ်များ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်နေသော ကပ်ရောဂါကြောင့် တိုင်းပြည်အတွင်းဆင်းရဲနွမ်းပါးမှုကို ပိုမိုဆိုးဝါးစေပြီး၊ ရလဒ်အနေဖြင့် ကလေးအလုပ်သမားအရေအတွက်  မြင့်တက် လာနေခြင်းအား အခိုင်အမာ ညွှန်ပြလျက်ရှိသည်ဟု ILO မြန်မာနိုင်ငံ၏ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ Donglin Li က ပြောကြားပါသည်။ “တိုင်းပြည်၏လက်ရှိ နိုင်ငံရေးအခြေအနေသည် ထိခိုက် လွယ်သော ကလေးများကို အန္တရာယ်ထဲသို့ ကျရောက်စေပြီး၊ ကလေးများကို ကာကွယ်ရန် လိုအပ်သော အရေးယူမှုများမရှိပါက  နောင်လာမည့်မျိုးဆက်များအပေါ် ဆင့်ကဲသက်ရောက် ရိုက်ခတ်မည်ကို စိုးရိမ်မိပါ သည်။”

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားနှင့်ဆိုင်သောအချက်အလက်သစ်များကို ထုတ်ပြန်ခြင်း မရှိသော် လည်း၊ လက်ရှိကျန်းမာရေးနှင့် နိုင်ငံရေးအကျပ်အတည်းများမတိုင်မီ ၂၀၁၆ ခုနှစ် ကတည်းကပင် ကလေးအလုပ်သမားဦးရေသည် ၁.၁ သန်းရှိခဲ့သည်ဟု ခန်းမှန်းခဲ့ပြီး၊ အသက် ၁၇ နှစ် အောက် ရှိကလေး ၁၁ ဦး တွင် တစ်ဦးသည် ကလေးအလုပ်သမားအဖြစ်ရှိနေပါသည်။ ထက်၀က်ခန့်သော ၎င်းကလေးများ သည်  ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေး၊ သို့မဟုတ် စာရိတ္တ ထိခိုက်စေသည့် ဘေးအန္တရာယ်ရှိသော အလုပ်များတွင် လုပ်ကိုင်နေကြရသည်။

“မကြာသေးမီ နှစ်များအတွင်း မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားအရေးကိစ္စကို ဦးတည်ဖြေရှင်းခြင်းသည်  အပြုသဘောဆောင်သည့်တိုးတက်မှုများ ရှိခဲ့ပါသည်။ ၂၀၂၀ခုနှစ် ဇွန်လ တွင် ILO ၏ လုပ်ငန်းခွင် ဝင်ရောက်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ် သတ်မှတ်ချက်ဖြစ်သည့် ပြဋ္ဌာန်းချက်အမှတ် (၁၃၈) ကို အတည်ပြုလက်မှတ်ရေးထိုးခြင်း၊ ကလေးအလုပ်သမား အဆုံးသတ်ရန်အတွက် အမျိုးသားအဆင့် လုပ်ငန်း စီမံချက်‌ရေးဆွဲဖော်ထုတ်ခြင်း၊  ILO ၏သတ်မှတ်နယ်မြေများတွင် လုပ်ဆောင်သည့်ရှေ့စီမံကိန်းများ အစရှိသည်တို့က ကလေးများကိုကာကွယ်ရန်အတွက်အလားအလာရှိသည့် လက်တွေ့ကျသောခြေလှမ်း များဖြစ်ကြောင်းကို ညွှန်ပြလျက်ရှိပါသည်။ 

“စာသင်ကျောင်းများ တစ်နှစ်ကျော်ကြာသည်အထိ ပိတ်ထားရခြင်းနှင့် မြန်မာနိုင်ငံ၏ အငယ်ဆုံးသော လူ့အဖွဲ့အစည်း အဖွဲ့ဝင်များအတွက် မသေချာမရေရာမှုများ များပြားခြင်းကြောင့် ယခင်ထားရှိခဲ့သော ကတိကဝတ်များကို ဆက်လက် ထိန်းသိမ်းလုပ်ဆောင်ရန်နှင့် တစ်ယောက်ချင်းစီတိုင်း အနေဖြင့်လည်း ကလေးငယ်များ၏ ဘေးကင်းလုံခြုံရေး၊ ကောင်းမွန်စွာကြီးပြင်းလာစေရေးနှင့် ပညာသင်ကြားရေးများကို ဦးစားပေး လုပ်ဆောင်ရန် အရေးကြီးကြောင်း” မစ္စတာလီက ဆိုသည်။ “ထိုသို့ ပြုလုပ်ပေးခြင်းသည် စာရိတ္တ/ကိုယ်ကျင့်တရားကောင်းအောင် ဆောင်ရွက်ပေးသည့်အရာဖြစ်သည်သာမက၊ လိမ္မာပါးနပ်သည့် ဆောင်ရွက်မှုတစ်ခုလည်းဖြစ်ပါသည်။ အထောက်အထားများက ဖော်ပြနေသည်မှာ၊ ကလေးများ၏ ပညာရေးတွင် ရင်းနှီးမြုပ်နှံခြင်းသည် ထိုကလေးများအတွက်သာမက မိသားစုများ၊ ရပ်ရွာလူထုများနှင့် တိုင်းပြည်အတွက်ပါ ရေရှည်၌တိုးတက်လာမည့် ကျန်းမာရေးနှင့် စီးပွားရေး အကျိုးအမြတ်များကို ရရှိနိုင်သည်” ဟု ဖြစ်သည်။

ကုလသမဂ္ဂက ၂၀၂၁ခုနှစ်ကို ကလေးအလုပ်သမားပပျောက်ရေးနှစ်အဖြစ် သတ်မှတ်ထားသောကြောင့် ကလေးအလုပ်သမား အမြစ်ပြတ် ပပျောက်ရေးအတွက် အထူးနှစ်တစ်နှစ်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့နှင့် ၎င်း၏မိတ်ဖက်အဖွဲ့များသည် ၂၀၃၀ခုနှစ်၌ ကလေးအလုပ်သမားအသုံးပြုမှုကို အဆုံးသတ်နိုင်ရေးအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အမှတ် ၈.၇ ဆီသို့ရောက်ရှိရန် စေ့ဆော်မှုအဖြစ်၊ ထောက်ခံအားပေးမှုများ တိုးတက်လာစေရေး လူထုလှုပ်ရှားမှု တစ်ခုကို လုပ်ဆောင်နေပါသည်။

နှောင့်ယှက်မှုများရှိသော်ငြားလည်း  ILO Myanmar သည်အရပ်ဘက်လူ့အဖွဲ့အစည်း၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများ၊ ဆရာ ဆရာမများ၊ ရပ်ရွာခေါင်းဆောင်များနှင့်အနီးကပ် ပူးပေါင်း၍ အန္တရာယ် ကျရောက်လွယ်သော ကလေးများနှင့်၎င်းတို့၏မိသားစုများကို ထောက်ပံ့ရန်ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
ကလေးများအားပံ့ပိုးခြင်းအတွက် လက်ရှိထားရှိသော ကတိကဝတ်များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏လုပ်ဖော် ကိုင်ဖက်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ လူငယ်များက ထောက်ခံအားပေးမှုများရရှိရန် သူတို့ ကိုယ်တိုင် လုပ်ဆောင်ခြင်းများအတွက် စိတ်ဓာတ်တက်ကြွရပါကြောင်း “မစ္စတာလီ”က ပြောကြားပါသည်။ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှ ကလေးသူငယ် များကို ကာကွယ်စောင့်ရှောက်ရန်အတွက် ကျွန်ုပ်တို့နှင့်အတူမြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ယခင်က ထက်ပိုမို ပူးပေါင်းပါဝင်ပေးဖို့ ဖိတ်ခေါ်အပ်ပါသည်။