အိုင်အယ်(လ်)အို (မြန်မာ)၏ အွန်လိုင်း လေ့လာသင်ယူမှု အစီအစဉ် စတင်ခြင်း

ယနေ့အချိန်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်(လ်)အို)ဟာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်လောကနဲ့ ဆက်စပ်နေတဲ့ အသိပညာ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေကို ဝေမျှဖို့အတွက် ဒီဂျစ်တယ်စနစ်နဲ့ အွန်လိုင်း လေ့လာသင်ယူမှု - ecampus.iloyangon.org ဝက်ဘ်ဆိုဒ်ကို စတင်ခဲ့ပြီဖြစ်ပါတယ်။

Press release | 27 January 2021
(ရန်ကုန် - အိုင်အယ်လ်အိုသတင်း) - ဂျပန်နိုင်ငံအစိုးရရဲ့ပံ့ပိုးမှုနဲ့ သင်ခန်းစာရေးဆွဲဖော်ဆောင်ခဲ့တဲ့ အိုင်အယ်(လ်)အို (မြန်မာ) ရဲ့ အွန်လိုင်းလေ့လာ သင်ယူမှုအစီအစဉ်က အထင်ကရဖြစ်တဲ့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေထံက အပြည်ပြည်ဆိုင်ရာ အလုပ်သမား‌ရေးရာစံချိန်စံညွှန်းများ၊ အပြန်အလှန်ဆွေးနွေးပြောဆိုမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်း ရှင်းရေးနဲ့ကျန်းမာရေး စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ရှင်းလင်း လက်တွေ့ကျတဲ့လေ့လာသင်ယူမှုတွေကို ဖြည့်ဆည်းပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

သင်ခန်းစာတွေကို မြန်မာဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတွေနဲ့လေ့လာနိုင်မှာဖြစ်ပြီး၊ လေ့လာသင်ယူလိုသူအားလုံးအတွက် မိမိတို့သိရှိလိုတဲ့အကြောင်းအရာတွေကိုသင်ယူနိုင်မှာဖြစ်ပါတယ်။ အစိုးရအရာရှိများ၊ အလုပ်ရှင်များ၊ အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်များနဲ့ အလုပ်အကိုင်ဆိုင်ရာ အနေအထားတွေနဲ့ပတ်သက်ပြီး ခေတ်စနစ်အချိန်အခါနဲ့အညီ သိရှိနားလည်လိုသူတွေနဲ့ အံဝင်ဂွင်ကျဖြစ်မယ့် တိုက်ရိုက်ထုတ်လွှင့်သင်ကြားမှုတွေနဲ့ အပြန်အလှန်ဆွေးနွေးလေ့လာသင်ယူနိုင်တဲ့အစီအစဉ်တွေ ပါဝင်ပါတယ်။
 
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က အွန်လိုင်းလေ့လာသင်ယူမှုူအစီအစဉ် စတင်နိုင်ခဲ့ခြင်းအတွက် အိုင်အယ်(လ်)အိုကို ဂုဏ်ပြုစကား ပြောကြားရာတွင် အလုပ်သမားရေးရာ အကြောင်းအရာများကို စဉ်ဆက်မပျက် လေ့လာဆည်းပူးရန် အရေးကြီးပုံကို အသိအမှတ်ပြုခဲ့ပါတယ်။  ပြည်ထောင်စုဝန်ကြီးက “အိုင်အယ်(လ်)အိုရဲ့ အွန်လိုင်းလေ့လာသင်ယူမှုအစီအစဉ် ဝက်ဘ်ဆိုဒ်က အလုပ်သမားရေးရာ အသိပညာ၊ အတတ်ပညာနဲ့ ကျွမ်းကျင်မှုတွေကို ဖြည့်တင်းနိုင်စေမှာဖြစ်ပြီး အလုပ်သမားရေးရာ ကိစ္စရပ်တွေကို ရေရှည် ဆွေးနွေးအဖြေရှာနိုင်ဖို့ အထောက်အပံ့ပေးတဲ့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဝက်ဘ်ဆိုဒ်ကို စတင်မိတ်ဆက်တဲ့ဖွင့်ပွဲမှာ အိုင်အယ်(လ်)အို (မြန်မာ) ရဲ့ဆက်သွယ်ညှိနှိုင်းရေး အရာရှိနဲ့ အိုင်အယ်(လ်)အိုရဲ့ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ‌ဒေါင်လင်းလီ (Mr. Donglin Li) က ကပ်ရောဂါ ကြောင့် စာသင်ခန်းပုံစံမျိုးနဲ့ အွန်လိုင်းလေ့လာသင်ယူမှုကို ပိုပြီးလိုအပ်နေကြောင်း၊ အိုင်အယ်(လ်)အိုအနေနဲ့ လိုအပ်မှုကို အလျင်အမြန်တုန့်ပြန်ဆောင်ရွက်လိုခဲ့ကြောင်း ‌ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ သူက “ဒီ ဒီဂျစ်တယ် စနစ်အွန်လိုင်းလေ့လာသင်ယူမှုအစီအစဉ်ကို ချမှတ်ဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့စည်းတွေဟာ ဆန်းသစ်တဲ့လုပ်ငန်းခွင်ဆက်ဆံရေးဆိုင်ရာ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ် လက်လှမ်းမီမှာဖြစ်ပြီး ကိုဗစ်-၁၉ အခြေအနေကနေ ပြန်လည်နလန်ထူလာစေမယ့် နည်းဗျူဟာတွေနဲ့ပတ်သက်ပြီး သီအိုရီအိုတွေကို လက်တွေ့အဖြစ်အသုံးချ ဆောင်ရွက်စေမှာဖြစ်တဲ့ ခေတ်စနစ်အချိန်အခါနဲ့လျော်ညီတဲ့ သင်ခန်းစာရင်းမြစ်တွေကို လေ့လာသင်ယူနိုင်မယ်” လို့ ဆိုပါတယ်။

အွန်လိုင်းလေ့လာသင်ယူမှုအစီအစဉ်သစ်ချမှတ်ဆောင်ရွက်ဖို့အတွက် အာရှနဲ့ပစိဖိတ်ဒေသ လူမှုဘေး အန္တရာယ်ကင်းရှင်းရေးကွန်ယက်တည် ဆောက်ခြင်းဆိုင်ရာ ဂျပန်အစိုးရ ရဲ့ရန်ပုံငွေထောက်ပံ့မှု (Government of Japan’s Fund for Building Social Safety Nets in Asia and Pacific (SSN Fund) က ငွေကြေးပံ့ပိုးပေးခဲ့ပြီး အိုင်အယ်(လ်)အိုရဲ့ အပြည်ပြည်ဆိုင်ရာဗဟိုသင်တန်းကျောင်း (ITC-ILO) က နည်းပညာဆိုင်ရာ ပံ့ပိုးမှုတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ ITC-ILO ဟာ ဆန်းသစ်တဲ့ပုံစံ အနေအထားနဲ့ မျက်နှာစုံညီလေ့လာသင်ယူမှုနဲ့ အဝေးသင်ပုံစံလေ့လာသင်ယူမှုတွေကို အလုပ်သမားတွေ၊ အလုပ်ရှင်တွေ၊ အစိုးရအရာရှိတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းက ကျွမ်းကျင်သူတွေကို နှစ်ပေါင်း ၅၀ ကျော် သင်ကြားပို့ချပေးလျက်ရှိပါတယ်။

အိုင်အယ်(လ်)အိုက အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမယ့် သင်ခန်းစာအများအပြားအပါအဝင်၊ တခြားသောသင်ခန်းစာတွေနဲ့ ဆက်လက်လေ့လာသင်ယူနိုင်မယ့်အခွင့်အလမ်းတွေအတွက် အွန်လိုင်းဝက်ဘ်ဆိုဒ် မှာ အကောင့်ဖွင့်ပြီး စူးစမ်းလေ့လာကြဖို့ လူတိုင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။

အိုင်အယ်(လ်)အိုဟာ လူမှုတရားမျှတမှုနဲ့ အလုပ်သမားအခွင့်အရေးတွေကို တစ်စိုက်မတ်မတ်မြှင့်တင် ‌ဆောင်ရွက်လျက်ရှိတဲ့ ကုလသမဂ္ဂအေဂျင်စီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အိုင်အယ်(လ်)အိုရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုပါက www.ilo.org/yangon  ကို ဝင်ရောက်ကြည့်နိုင်ပါတယ်။

သတင်းအချက်အလက်တွေကို ပိုမိုသိရှိလိုပါက၊

  • အစီအစဉ်မန်နေဂျာဖြစ်တဲ့ Ms. Anne Boyd ထံ boyda@ilo.org  (အီးမေးလ်) မှတစ်ဆင့်လည်းကောင်း၊ ၀၉ ၄၄၆ ၄၄၁၇၆၃ (တယ်လီဖုန်း) မှတစ်ဆင့် လည်းကောင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။