စီးပွားရေးကဏ္ဍ၌ အမျိုးသမီးများ၏ ပါဝင်မှုကို တိုးတက်လာစေခြင်းသည် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိက လမ်းကြောင်းဖြစ်ခြင်း

အမျိုးသမီးများ၏ စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်လာခြင်းမှတဆင့် မြန်မာနိုင်ငံတွင် အမျိုးသမီးများ၌ ရင်းနှီးမြှုပ်နှံခြင်းဖြင့် စီးပွားရေးကြီးထွားမှု တိုးပွားလာမည့် အလားအလာကို ဖော်ထုတ်ပြသသော အစီရင်ခံစာအသစ်

News | 23 February 2020
ရန်ကုန်၊ မြန်မာ (ILO သတင်း) – အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) နှင့် Sasakawa Peace Foundation (SPF) တို့ ပူးတွဲထုတ်ပြန်သည့် အစီရင်ခံစာအသစ်အရ၊ အမျိုးသမီး စွန့်ဦးတီထွင်သူများကို ပံ့ပိုးကူညီခြင်းဖြင့်လည်းကောင်း၊ ကျား-မ တန်းတူညီမျှရှိရေးနှင့် လုပ်ငန်းခွင်တွင်း ခွဲခြားဆက်ဆံမှု မရှိရေးတို့ကို တိုးမြှင့် လုပ်ဆောင်ခြင်းဖြင့်လည်းကောင်း အမျိုးသမီးများ၊ မိန်းကလေးများ၌ ရင်းနှီးမြှုုပ်နှံခြင်းဖြင့် စီးပွားရေးကြီးထွားမှု တိုးမြင့်လာမည့် (gender dividend) သိသာထင်ရှားသော အလားအလာ မြန်မာနိုင်ငံ၌ ရှိနေပါသည်။
 
မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးရေး အခြေအနေများအား အမျိုးသားအဆင့်  လေ့လာ ဆန်းစစ်ချက်
ဟု ခေါင်းစဉ်တပ်ထားသော အစီရင်ခံစာတွင်၊ မြန်မာ့လုပ်သား အင်အားထု၌ အမျိုးသမီးများ၏ ပါဝင်မှုနှုန်းသည် အမျိုးသားများထက် များစွာနိမ့်နေပြီး ၄၇.၇% သာ ရှိစဉ်၊ အမျိုးသားများမှာ ၇၇.၃% ရှိကြောင်း တွေ့ရှိရသည်။

“အမျိုးသမီးတွေရဲ့ ဆန်းသစ်တီထွင်နိုင်စွမ်း၊ ထုတ်လုပ်မှုစွမ်းရည်နဲ့ စွမ်းအားတွေအရ ပြောရမယ်ဆို်ရင်၊ ထုတ်ယူမှု မပြုရသေးတဲ့ အရေးပါတဲ့ အလားအလာတွေ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။ အမျိုးသမီး စွန့်ဦး တီထွင်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေ၊ စီးပွားရေးလုပ်ငန်းသစ်တွေ ပေါ်ထွန်းဖို့အတွက် အဓိကကျတဲ့ အခွင့်အလမ်းဖြစ်ပြီး စီးပွားရေးမှာ မတူကွဲပြားတဲ့ လုပ်ငန်းတွေကို ဖြစ်ပေါ် စေမယ်” ဟု မြန်မာနိုင်ငံ၏ ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr. Donglin Li ကဆိုသည်။
 
အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ မြန်မာနိုင်ငံတွင် အလုပ်ရှိသော အမျိုးသမီးများ၏ ၃၄ ရာခိုင်နှုန်းမှာ ကိုယ်ပိုင် အလုပ်လုပ်ကိုင်သူများ ဖြစ်သော်လည်း၊ ၂၅.၆ ရာခိုင်နှုန်းသာ လုပ်ငန်းရှင်များ ဖြစ်ကြပြီး အငယ်စား စီးပွားရေးလုပ်ငန်းများမှ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအဖြစ် ကြီးထွားလာရန်နှင့် အလုပ်အကိုင်များ ဖန်တီးရာ၌ အမျိုးသမီးများသည် စိန်ခေါ်မှုများ ပိုမိုရင်ဆိုင်ရမည်ဖြစ်ကြောင်း အကြံပြုထားသည်။

SPF ၏ ဥက္ကဌ Mr. Shuichi Ohno က ပြောသည်မှာ “စွန့်ဦးတီထွင်မှုများအားဖြင့် ကျား- မ တန်းတူညီမျှမှု၊ အမျိုးသမီးများအား စီးပွားရေး လုပ်ပိုင်ခွင့်ပေးခြင်းတို့ကို မြှင့်တင်ရေးမှာ SPF ၏ မူလပန်းတိုင်များထဲမှ တစ်ခု ဖြစ်သည်။ လွန်ခဲ့သောနှစ်များ၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် Sasakawa Peace Foundation (SPF) တို့ အတူတကွ ပြုလုပ်ခဲ့သော သုတေသနအားဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးစွန့်ဦး တီထွင်သူများ၏ အခြေအနေကို ပိုမိုနားလည်လာပြီး  ဈေးကွက်၊ နည်းပညာ၊ စီးပွားရေးဖွံ့ဖြိုးရန် လိုအပ်သော ဝန်ဆောင်မှုများရရှိမှုတို့အပါအဝင် ယင်းတို့၏ စီးပွားရေးလုပ်ငန်းကြီးထွားအောင် အထောက်အကူပြုမည့် လိုအပ်ချက်တစ်ခုဖြစ်သော  ဆိုက်ရောက်နေသည့် အကျပ်အတည်း အခြေအနေများအတွက် ထိုးထွင်းအမြင် များပေးနိုင်လာသည်။

“သို့ရာတွင် ဤလေ့လာမှုများက အာရုံစိုက်ရမည့် အတားအဆီးများနှင့် ယင်းတို့ကို ကျော်လွှားနိုင်ရန် မိတ်ဖက်လုပ်ဆောင်ရမည့်အရာများကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများ ဦးဆောင်သော  အားလုံးပါဝင်သည့် စီးပွားရေးလုပ်ငန်းများ  အောင်မြင်ရန်အတွက် ပတ်ဝန်းကျင်ကောင်း များကိုဖန်တီးရာတွင် အစိုးရဋ္ဌာနများမှ အရေးပါသည့် ပါဝင်သက်ဆိုင်သူများ၊ ပုဂ󠄩္ဂလိကကဏ္ဍ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် စွန့်ဦးတီထွင်မှုကို ပံ့ပိုးပေးနေသော အဖွဲ့အစည်းများအကြား  ပို၍ကြီးမားစွာလုပ် ဆောင်ရန် ၊ ပူးပေါင်း ဆောင်ရွက်ရန်အတွက် ဤဆန်းစစ်မှုက ပျိုးထောင်ပေးလိမ့်မည်ဟု  မျှော်လင့်ပါသည်။”

စီးပွားရေးကဏ္ဍတွင် အမျိုးသမီး စွန့်ဦး တီထွင်သူများ ပိုမို အောင်မြင်စေရန် ပံပိုးခြင်း

ILO က သနိ္နဋ္ဌာန်ချ၍ ဆောင်ရွက်ခဲ့သော အမျိုးသားအဆင့် WED ဆန်းစစ်မှု နည်းလမ်းကို အသုံးပြုခြင်းအားဖြင့်  မြန်မာနိုင်ငံတွင် အမျိုးသမီး စွန့်ဦး တီထွင်သူများကို အကူအညီပေးနိုင်မည့် အဓိက အချက်များအား ဤအစီရင်ခံစာ၌ ခွဲခြမ်းစိတ်ဖြာ ပြထားသည်။ ဤနည်းလမ်းထဲတွင် အမျိုးသမီး စွန့်ဦး တီထွင်သူများ၏ အသံသည် အဓိက သော့ချက် ဖြစ်သည်။   

WED ဆန်းစစ်ခြင်းတွင် သုံးသပ်ခဲ့သော ဧရိယာ ခြောက်ခု၌ “အမျိုးသမီးများ၏ စီးပွားရေးဆိုင်ရာ အခွင့်အာဏာကို မြှင့်တင်ပေးမည့် ကျား-မ တန်းတူညီမျှမှုကို အလေးပေး ဂရုပြုသော (Gender-sensitive) ဥပဒေရေးရာနှင့် ဥပဒေစည်းမျဉ်း ကြပ်မတ်ထိန်းသိမ်းမှုဆိုင်ရာစနစ်”သည် မြန်မာနိုင်ငံရှိ အလုပ်သမား ဥပဒေသည် ကျား-မ တန်းတူညီမျှမှုကို မြှင့်တင်နိုင်သောကြောင့် အားအကောင်းဆုံး ဖြစ်ကြောင်း တွေ့ရသည်။ အားအနည်းဆုံးဧရိယာမှာ အမျိုးသမီးများ၏ စွန့်ဦးတီထွင်မှု မြှင့်တင်ရေးအတွက် အမျိုးသားအဆင့်တွင် ထိရောက်  ကောင်းမွန်သော မူဝါဒပိုင်း ဆိုင်ရာ ခေါင်းဆောင်မှုနှင့်  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှု အပိုင်း ဖြစ်သည်။ ဆန်းစစ်မှုတွင် အစပြုနေမှုများစွာ တွေ့ရှိရသော်လည်း အမျိုးသမီးများ ဦးဆောင်သော စွန့်ဦး တီထွင်မှုများကို တိုက်ရိုက်ဦးတည်သည့် အထောက်အပံ့ပေးမှုများကို အစိုးရများ အချင်းချင်းကြားနှင့် နိုင်ငံတော်အဆင့် မဟာဗျူဟာများတွင် မတွေ့ရှိပါ။ ဤအစီရင်ခံစာတွင် ပါဝင်ပတ်သက်သူ အားလုံး ပါဝင်သည့် အမျိုးသမီး စွန့်ဦးတီထွင်သူများအတွက် နိုင်ငံတော်အဆင့် (အမျိုးသား အဆင့်) ပူးပေါင်းဆောင် ရွက်ရေး မဟာဗျူဟာများ ချမှတ်နိုင်ရန် အကြံပြုမှု စာရင်းကို တင်ပြထားသည်။ ဆန်းစစ်မှုအရ အမျိုးသမီးများအား စီးပွားရေးကဏ္ဍတွင် တွန်းအားပေးနိုင်သော ထိပ်ဆုံးမှ အချက်နှစ်ချက်မှာ လုပ်ငန်းရှင်ဖြစ်စေခြင်းနှင့် မိသားစုတာဝန်နှင့် သူတို့၏ အလုပ်အကြား စီမံခန့်ခွဲနိုင်ခြင်းတို့ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အမျိုးသမီး စွန့်ဦးတီထွင်သူများအတွက် ထိပ်ဆုံးမှအဟန့်အတားမှာ သူတို့၏ လိုအပ်ချက်များအတွက် အထောက်အပံ့ပေးနိုင်မည့်လုံခြုံမှုနှင့် ငွေကြေးအထောက်အပံ့ ကင်းမဲ့မှု ဖြစ်သည်။ အမျိုးသမီးများအား စီးပွားရေး ခေါင်းဆောင်များအဖြစ် တန်ဖိုးထားမှု နိမ့်ကျခြင်း၊ ဂရုစိုက်ရသော အလုပ်များကြောင့် (အိမ်တွင်းမှု) သူတို့၏ စီးပွားရေးတွင် အမျိုးသမီးများ အချိန်မပေးနိုင်ခြင်း၊ ဝင်ငွေမရသော အိမ်တွင်းမှု ကိစ္စများတွင် မမျှမတ လုပ်ဆောင်ရခြင်းများ၊ လူထုအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍအပေါ် ထားရှိသော စိတ်နေစိတ်ထားများနှင့် ယဉ်ကျေးမှုအရ သတ်မှတ်ထားသော ကျား-မ ရေးရာ ကန့်သတ်မှုများမှာလည်း အခြားသော အဟန့်အတားများ ဖြစ်သည်။ ထိုစိန်ခေါ်မှုများသည် အမျိုးသမီးများ စီးပွားရေးလုပ်ငန်း အစပြုလုပ်ဆောင်ရန်နှင့် ကြီးထွား ဖွံ့ဖြိုးလာရန်အတွက် အခက်အခဲများကို တိုးပွားလာစေသည်။

ဤဆန်းစစ်မှုကို ILO နှင့် SPF အကြား မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ စွန့်ဦးတီထွင်မှုနှင့် ကျား- မ တန်းတူ ညီမျှမှုကို မြှင့်တင်နိုင်မည့် နည်းလမ်းများ ရှာဖွေရန် သဘောတူညီချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပထမဦးဆုံးသော အမျိုးသားအဆင့် လေ့လာဆန်းစစ်ခြင်းကို မြန်မာနိုင်ငံတွင် ဆောင်ရွက်ရာတွင် အဓိက သတင်းပေးသူများအဖြစ် အစိုးရဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ အမျိုးသမီး စွန့်ဦး တီထွင်သူ အဖွဲ့အစည်းများ၊ ဘဏ်များ၊ အသေးစား  ငွေစုငွေချေး အဖွဲ့များ၊ စီးပွားရေးနှင့် အလုပ်ရှင် အသင်းအဖွဲ့များ၊ စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုနှင့် သင်တန်းများ ပံ့ပိုးသူများ ပါဝင်သည်။  

ILO ၏ WED အစီအစဉ်ကို ၂၀၀၂ ကတည်းက စတင်ခဲ့ပြီး၊ ဒေသတွင်း မူဝါဒများနှင့် အကောင်အထည် ဖော်နေသော အဖွဲ့အစည်းများသည် အမျိုးသမီးစွန့်ဦး တီထွင်သူများအား လုပ်ငန်းစတင်ခြင်း၊ အားကောင်းလာအောင် ဆောင်ရွက်ခြင်း၊ လုပ်ငန်းချဲ့ထွင်ခြင်းတို့အတွက် အထောက်အပံ့ ပေးခြင်းအားဖြင့် စီးပွားရေး ဆိုင်ရာအခွင့်အလမ်းများ တိုးပွားလာရန် ဖြစ်သည်။  

ဤအစီရင်ခံစာ အပြည့်အစုံ (အဂင်္လိပ်) နှင့်  အနှစ်ချုပ်  (မြန်မာ နှင့် အဂင်္လိပ်) တို့ကို ဤနေရာတွင် တွေ့နိုင်သည်။

ထပ်မံသိရှိလိုပါက အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ပါသည်။ -

Joni Simpson, Senior Specialist Gender, Equality and Non-Discrimination, ILO
Email: simpson@ilo.org

Media Relations Division, Sasakawa Peace Foundation
Email: spfpr@spf.or.jp