ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ ၂၀၁၉

ကလေးအလုပ်သမားအရေးကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ် ၁ သန်းခန့် အိပ်မက်များ ပျောက်ဆုံးလျက်ရှိ

ကလေးငယ်များ အလုပ်ခွင်တွင် ရှိမနေသင့်ဘဲ အိပ်မက်များ ဆွတ်ခူးနိုင်ဖို့အတွက်သာ ကြိုးစားသင့်

Press release | 11 June 2019
စုပေါင်း ဓါတ်ပုံ ရိုက်ကြစဉ်။
ရန်ကုန်။        ။ စာရင်းပြုစုချက်များအရ မြန်မာနိုင်ငံတွင် ကလေးအလုပ် သမားဦးရေ လျော့နည်းသွားလျက်ရှိသည်ဟုဆိုသော်လည်း ခြောက်သိန်းကျော်သော ကလေးအလုပ်သမားများမှာ ဘေးအန္တရာယ်ရှိသော သို့မဟုတ် ဘေးဖြစ်စေနိုင်သောအလုပ်များကို လုပ်ကိုင်နေရပြီး ကျန်းမာရေး၊ လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာတို့တွင် များစွာထိခိုက်နစ်နာလျက်ရှိသည်။ အများစုမှာ စိုက်ပျိုးရေးကဏ္ဍအတွက် အလုပ်လုပ်ကိုင် နေရကြောင်း တွေ့ရှိရသည်။ ကလေးအလုပ်သမား ပပျောက်နိုင်ရေးကြိုးပမ်းရာတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အဖွဲ့အစည်းများနှင့် မိသားစုများတွင် ကလေးသူငယ်များ အရေးသည် အဓိကဦးစားပေးအရာ ဖြစ်သင့်သည်။

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Rory Mungoven က “ဆင်းရဲမွဲတေမှုဟာ ကလေးငယ်တွေကို အလုပ်ခွင်ထဲတွန်းပို့နေတဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ ဒါတွေကို တားဆီးနိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။  မြန်မာနိုင်ငံအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ အနည်းဆုံးအသက်အရွယ်လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ ILO ရဲ့ ပြဋ္ဌာန်းချက် (၁၃၈) နဲ့အညီ ဆောင်ရွက်နိုင်ဖို့ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေတာတွေ၊ ကလေးအလုပ်သမားပြဿနာကို အရေးတယူကိုင်တွယ် ဖြေရှင်းနေတာတွေကို အသိအမှတ်ပြုပါတယ်” ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့(WDACL) ကို ဇွန်လ ၁၂ ရက်နေ့တွင် ကမ္ဘာတစ်ဝှန်းလုံး၌ ကျင်းပလေ့ရှိပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ကလေးအလုပ်သမားစိန်ခေါ်မှုအား ပိုမိုအာရုံစိုက်လုပ်ဆောင်စေရန်နှင့် ၂၀၂၅ ခုနှစ်တွင် ကလေးအလုပ်သမားပြဿနာအား အမြစ်ပြတ်တိုက်ထုတ်နိုင်ရေးအတွက် စုစည်းလုပ်ဆောင်ချက်များနှင့် ကြားဝင်ဖြေရှင်းမှုများအား အရှိန်မြှင့်တင်နိုင်စေရန် ရည်ရွယ်ပါသည်။

ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ကဏ္ဍပေါင်းစုံပါဝင်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ကေသီကျော်၊ လူမှုဖူလုံရေး ဦးစီးဌာန၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှ Alison Rhodes ၊ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ ဦးအောင်ကျော်မြင့်နှင့် မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများ  အဖွဲ့ချုပ် (AFFM-IUF) နှင့် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUSF) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

“မြန်မာနိုင်ငံအနေနဲ့ ကဏ္ဍပေါင်းစုံမှာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နေတာဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ ကလေးအလုပ်သမား အမြစ်ပြတ်ဖယ်ရှားနိုင်ဖို့နဲ့ ကလေးတွေအတွက် အန္တရာယ်ရှိတဲ့အလုပ်တွေ စာရင်းပြုစုပေးဖို့အတွက် အမျိုးသားအဆင့် လုပ်ဆောင်နေပါတယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း မှ ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝှန်းတွင် ကလေးအလုပ်သမားဦးရေမှာ ၁၅၂ သန်းရှိနေပြီး ၇၃ သန်းမှာ ဘေးအန္တရာယ်ရှိသော သို့မဟုတ် ဘေးဖြစ်စေနိုင်သော အလုပ်များကိုလုပ်ကိုင်နေရသည်။ ၎င်းကလေးသူငယ်များသည် အခြားကလေးငယ်များထက် ခံစားခွင့်များ ဆုံးရှုံးလျက်ရှိပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုအသိုင်းအဝိုင်းတွင်လည်း ထိခိုက်မှု များဖြစ်ပေါ်စေပါသည်။ ၎င်းအခြေအနေများကို မျက်ကွယ်ပြုထားမည်ဆိုပါက တိုင်းပြည်၏ အနာဂတ်အလုပ်သမား လုပ်အားမှာ ကျဆင်းလျော့ကျနိုင်ဖွယ်ရှိကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများကို စိုက်ပျိုးရေးကဏ္ဍ (၆၀ ဒသမ ၅ ရာခိုင်နှုန်း) နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ (၁၂ ရာခိုင်နှုန်း) တို့တွင် အများဆုံးတွေ့ရှိရသည်။

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အသိပညာမြှင့်တင်ရေးလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့်အတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ဆွစ်ဇာလန်သံရုံး၊ သြစတြေးလျသံရုံးတို့အပါအဝင် အခြားဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဇွန်လ ၉ ရက်နေ့ မှစတင်၍ ဇူလိုင်လ ၁၀ ရက်နေ့အထိ များစွာသော အခမ်းအနားများကျင်းပရန် စီစဉ်လျက်ရှိသည်။

ပြပွဲနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt မှ “ကျွန်တော်တို့ အားလုံးဟာ တစ်ချိန်က ကလေးတွေဖြစ်ဖူးကြပါတယ်။ ကျောင်းသွားမယ်၊ ဆော့ကစားမယ်၊ ကလေးဘဝ ပျော်ကြပါးကြတယ်။ ဒါတွေဟာ ကျွန်တော်တို့တွေ ကြီးပြင်းလာတဲ့အခါ ခွန်အားတွေဖြစ်လာပြီး အခုလို ကလေးအလုပ်သမား ပြဿနာရပ်တွေကို တိုက်ထုတ်နိုင်ဖို့အတွက် လုပ်နိုင်တဲ့သူတွေ၊ လုပ်ဆောင်ရမယ့်သူတွေ ဖြစ်လာကြပါတယ်” ဟုပြောကြားခဲ့သည်။

ရန်ကုန်ဘူတာကြီးတွင် ကလေးလုပ်သား ပပျောက်ရေး အသိပညာပေးဆိုင်းဘုတ်အား တွေ့ရစဉ်။
ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ လှုပ်ရှားမှုသည် အစိုးရ၊ လူ့အဖွဲ့အစည်းများနှင့် အဓိက ပြည်သူလူထုများအားလုံး ပါဝင်လာစေရန် ရည်ရွယ်ပါသည်။ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် ဓာတ်ပုံဇာတ်လမ်းပြပွဲများအား ဒလသင်္ဘောဆိပ် (ဇွန်လ ၉ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ)၊ Junction City Mall (ဇွန်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ)နှင့် ရန်ကုန်ဘူတာကြီး (ဇွန်လ ၁၁ ရက်နေ့ မှ ၂၅ ရက်နေ့အထိ) ပြသရန် စီစဉ်ထားပြီး မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားပြဿနာအား ပြည်သူလူထုများ သိရှိနိုင်စေရန် ရည်ရွယ်သည်။

“ကလေးအလုပ်သမားပြဿနာဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စပဲ ဖြစ်ပါတယ်။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ အရွယ်ရောက်ပြီးသား လူကြီးအလုပ်သမားတွေကို မတရားခိုင်းစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ကလေးတွေဟာ လုပ်ငန်းခွင်မှာ ရှိမနေသင့်ပါဘူး။ သူတို့ဟာ ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်၊ အိမ် ဒါမှမဟုတ် ကျောင်း မှာရှိနေသင့်ပြီး သူတို့ရဲ့ အိပ်မက်တွေ ဆွတ်ခူးနိုင်ဖို့အတွက် ကြိုးစားသင့်တဲ့အရွယ် ဖြစ်ပါတယ်” ဟု ILO/ My-PEC  (မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးအစီအစဉ်) ၏ Chief Technical Advisor ဖြစ်သူ Selim Benaissa က ပြောကြားခဲ့သည်။

ကလေးအလုပ်သမားပပျောက်ရေးသည် ILO အခြေခံသဘောတရားတစ်ရပ်ဖြစ်ပြီး ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ကျော်ခန့် ၁၉၁၉ ခုနှစ် ILO စတင်တည်ထောင်စဉ်ကပင် သန္ဓေတည်လာခဲ့သည်သာမက လက်ရှိအချိန်အထိ ပင်မပန်းတိုင်အဖြစ် အလေးပေးလုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေး အတွက် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးအစီအစဉ် (My-PEC) ကို လုပ်ဆောင်လျက်ရှိပြီး အမေရိကန် နိုင်ငံ အလုပ်သမားရေးရာဌာနမှ ထောက်ပံ့ပေးလျက်ရှိသည်။
 
မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားအား ခိုင်းစေမှုနှင့် ပတ်သက်သည့် ILO ၏ ပြဋ္ဌာန်းချက် (၁၈၂) ကို အတည်ပြုခဲ့သည်။ ထိုအချိန်မှစတင်ကာ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေပြုရေးကဏ္ဍသာမက ဘေးအန္တရာယ်ရှိသော အလုပ်ခွင်တွင် ကလေးအလုပ်သမားများ ပပျောက်စေရေးအတွက် အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၇) အား လက်တွေ့အကောင်အထည်ဖော်ခြင်းများ လုပ်ဆောင်ရာတွင်လည်း ILO နှင့်အတူ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

ရန်ကုန်မြို.ရှိ ခရီးသည်တင် ရေယာဉ်တစ်စီးပေါ်တွင် ကလေးလုပ်သား ပပျောက်ရေး အသိပညာပေးဆိုင်းဘုတ်အား တွေ့ရစဉ်။
ပြီးခဲ့သည့်နှစ်တွင် အစိုးရမှ နိုင်ငံတော်အဆင့် ကလေးအလုပ်သမားပပျောက်ရေးကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ လုပ်ဆောင်ချက်များကို ပိုမိုလျင်မြန်လာစေရန် ရည်ရွယ်ပါသည်။ ၎င်းကော်မတီ ကို ဒုတိယသမ္မတဦးမြင့်ဆွေမှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး သက်ဆိုင်ရာပြည်တောင်စုအဆင့်ဝန်ကြီးဌာနများ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးများ၊ အလုပ်သမားများ၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည်။ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ပင်မမျှော်မှန်းချက်မှာ “ ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ယောက်ျားလေးနှင့် မိန်းကလေးများအား အဆိုးရွားဆုံးပုံစံဖြင့်  ကလေးအလုပ်သမားအဖြစ်သို့ ရောက်ရှိမသွားစေရန် ထိထိရောက်ရောက် တားဆီးကာကွယ်မှုအား အပြီးအပြတ်လုပ်ဆောင်သွားရန်” ဖြစ်သည်။

၂၀၁၅ ခုနှစ် လုပ်သားအင်အားစစ်တမ်းအရ
  • အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် ကလေး ၁ ဒသမ ၁၃ သန်း ( သို့မဟုတ် ကလေးဦးရေ၏ ၉ ဒသမ  ၃ ရာခိုင်နှုန်း) သည် ကလေးအလုပ်သမားများ ဖြစ်ကြသည်။
  • အဆိုပါကလေးအလုပ်သမားများထဲမှ ထက်ဝက်ခန့် - ၆၁၆ ၈၁၅ (သို့မဟုတ် ၅ ဒသမ ၁ ရာခိုင်နှုန်း)သည် ၎င်းတို့၏ ကိုယ်ခန္ဓာ၊ စိတ်ဓာတ်နှင့် စာရိတ္တပိုင်းများကို ထိခိုက်ပျက်စီးစေနိုင်သော ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေကြရသည်။
  • ထိုသို့ ဘေးအန္တရာယ်ရှိသော အလုပ်တွင် လုပ်ကိုင်နေရသော ကလေးအများစုမှ - ၂၄ ဒသမ ၁ ရာခိုင်နှုန်းသည် အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားရှိပြီး ၇၄ ဒသမ ၆ ရာ ခိုင်နှုန်း သည် ၁၅ နှစ်မှ ၁၇ နှစ်ကြားရှိသည်။
  • အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားရှိသော အသက်အရွယ်အုပ်စုသည် အချိန်ကြာမြင့်စွာ  အလုပ် လုပ်ကိုင်ရလေ့ရှိသည်။
  • ကလေးအလုပ်သမားများကို အများဆုံးအသုံးပြုနေကြသော လုပ်ငန်းခွင်များမှာ စိုက်ပျိုးရေး (၆၀ ဒသမ ၅%) ၊ ကုန်စည်ထုတ်လုပ်ရေး (၁၂%) ၊  လက်လီနှင့် လက်ကားဖြန့်ဖြူး ရောင်းချရေး၊ မော်တော်ကားထုတ်လုပ်ရေး အစရှိသည်တို့တွင်  (၁၁%) တို့ဖြစ်သည်။