မသန်စွမ်းသူများအား အလုပ်ခန့်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများတွင် အကျိုးအမြတ်များရှိ

Press release | 23 November 2017

၂၀၁၇ ခုနစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO) နှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) တို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်စေရန် နှင့် ၎င်းတို့အပေါ် ခွဲခြားဆက်ဆံမှုများကို ပပျောက်စေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကျင်းပခဲ့သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ နယ်ပယ် ပေါင်းစုံမှ ပတ်သက် ဆက်နွယ်သူများဖြစ်သည့် စီးပွားရေးလုပ်ငန်းများ၊ အလုပ်သမားသမဂ္ဂများ၊ မသန်စွမ်း အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများမှ  အယောက် (၁၀၀) ခန့် တက်ရောက်ခဲ့သည်။ 

ထိုအလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံတကာမှကျွမ်းကျင်သူများထံမှ အခြားနိုင်ငံများ၏အတွေ့အကြုံများကို လေ့လာနိုင်သည့် အခွင့်အရေးတစ်ခုဖြစ်သည်။ မသန်စွမ်းများအတွက် အလုပ်ခန့်ရာတွင် ဝေပုံကျနုန်းထား သတ်မှတ်ထားခြင်း၏ကောင်းကျိုး နှင့် ဆိုးကျိုးများ၊ အလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်ပြသပေးခြင်းနှင့် ရှာဖွေပေးခြင်းအစီအစဉ်များ၊ မသန်စွမ်းများအတွက် နည်းပညာ နှင့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ ပညာရပ်များ လေ့ကျင့်၊ သင်ကြားပေးခြင်း (TVET) တို့ အပါအဝင် မသန်စွမ်းများပါဝင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများ၏ ပံ့ပိုးဆောင်ရွက်ပေးမှုများ အစရှိသော မသန်စွမ်းများအလုပ်အကိုင် အခွင့်အလမ်း တိုးတက်စေမည့်နည်းလမ်းများကိုဆွေးနွေးခဲ့ကြသည်။

ILO မှ Rory Mungoven က မြန်မာနိုင်ငံက မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးထားပြီး   မသန်စွမ်းသူတွေရဲ့ ရပိုင်ခွင့်နှင့်ပတ်သက်တဲ့  အရေးကြီးတဲ့ ဥပဒေအသစ် ကိုလည်း ပြဌာန်းထားပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ  လုပ်ငန်းခွင်တွင်းခွဲခြားဆက်ဆံမှုတွေကို အဆုံးသတ်ဖို့နဲ့  မသန်စွမ်းများအတွက်အလုပ်ကိုင်နှဲ့ လေ့ကျင့်မှု အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးဖို့  အစိုးရ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ အလုပ်ရှင်များနှင့် အလုပ်သမား အဖွဲ့အစည်းတို့အတူတကွ ဆွေးနွေးနိုင်ခဲ့ပါတယ်ဟုပြောသည်။

MCRB မှ ဒါရိုက်တာ ဗစ်ကီဘိုမန် က  မသန်စွမ်းတွေကို အလုပ်ခန့်ထားတဲ့အတွက် စီးပွားရေး လုပ်ငန်း တွေမှာ အကျိုးအမြတ်အများကြီးရှိတယ်ဆိုတဲ့ သာဓက ကောင်းကောင်းတွေက ရှိပြီးဖြစ်တယ်၊ ဥပမာ ပြောရမယ်ဆိုရင် အလုပ်ကြိုးစားတဲ့ဝန်ထမ်းတွေ၊ အလုပ်မြဲတဲ့ဝန်ထမ်းတွေ၊ ပင်ကိုပါရမီမျိုးစုံရှိတဲ့ ဝန်ထမ်း တွေနဲ့ ဖောက်သည်တွေ ပိုမိုရရှိနိုင်ပြီးတော့ ကုမ္ပဏီရဲ့ ကုန်အမှတ်တံဆိပ်ဟာလည်း ပိုမိုနာမည်ကြီးလာခြင်း တို့ဖြစ်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းတွေအနေနဲ့ မသန်စွမ်းတွေရဲ့ အရည်အချင်းကို ယုံကြည်စေရန်လိုအပ်ပြီး မသန်စွမ်းတွေကို အလုပ်ခန့်ထားရေး၊ အရည်အသွေး မြှင့်တင်ပေးရေး၊ လုပ်ငန်းခွင်မှာ ရေရည်တည်မြဲရေးတို့ အတွက် ပိုမို လုပ်ဆောင်လာဖို့လိုပါတယ်။ မသန်စွမ်းသူတွေ အနေနဲ့လည်း  စီးပွားရေးလုပ်ငန်းတွေက မသန်စွမ်းတွေ တန်းတူညီမျှ အလုပ်အကိုင်အခွင့် အလမ်းတွေရရှိဖို့ ထောက်ခံအားပေးမှုတွေရှိတယ်ဆိုတာ ပိုမိုယုံကြည်မှု ရှိဖို့လိုပါတယ်။ ဒါကြောင့် ဒီနေ့ ဆွေးနွေးပွဲကို  ကျင်းပရတာပါ ကျမတို့ အနေနဲ့ တခြားနိုင်ငံမှာ လက်တွေ့ကျင့်သုံးနေတဲ့ နည်းလမ်းတွေရယ် အခွင့်အလမ်းတွေနဲ့ အလေ့အထကောင်းတွေကို ပိုမို နားလည်သဘောပေါက်စေချင်ပါတယ်။ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့  အလားအလာရှိတဲ့ အလုပ်ရှင်တွေကြား ချိတ်ဆက်မှုတွေ ပိုမိုပြုလုပ်စေချင်ပါတယ်။

မသန်စွမ်းအဖွဲ့အစည်းများမှ မြန်မာနိုင်ငံမျက်မမြင်များအသင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) မြန်မာအော်တစ်ဇင်အသင်း၊ မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MDCDA) ရွှေမင်းသားဖောင်ဒေရှင်း တို့မှ ဟောပြောသူများအဖြစ် ပါဝင်ပြောကြားခဲ့သည်။  စီးပွားရေးလုပ်ငန်းများမှ ဆူးလေ ရှန်ဂရီလာဟိုတယ်နှင့် ကမ္ဘောဇဘဏ် တို့မှလည်း ပါဝင်ဆွေးနွေးခဲ့သည်။ နိုင်ငံတကာကျွမ်းကျင်သူ များတွင် ILO ဂျီနီဗာ ရုံးမှ မသန်စွမ်းဆိုင်ရာ ကျွမ်းကျင်သူ စီနီယာ Stefan Tromel  အာရှမသန်စွမ်းသူများ မဟာမိတ် (APDA)  UK မှ စီမံခန့်ခွဲရေးအရာရှိချုပ် Michael Jeewa နှင့် The Safe Harbour Counselling Centre ဒါရိုက်တာ Cassandra Chiu (သူမမှာ World Economic Forum (Singapore) ကမ္ဘာလုံး ဆိုင်ရာ လူငယ်ခေါင်းဆောင်လည်းဖြစ်ပြီး ယခုအလုပ်ရုံဆွေးနွေးပွဲသို့ သူမတက်ရောက်နိုင်ရန်အတွက်  Parami Energy မှ ကူညီ ထောက်ပံ့ပေးသည်) တို့ ပါဝင်ခဲ့သည်။

ယခုအလုပ်ရုံ ဆွေးနွေးပွဲမတိုင်မှီ စီးပွားရေးလုပ်ငန်များတွင် မသန်စွမ်းသူများ ပါဝင်နိုင်မှုနှင့် သက်ဆိုင်သည့် () ရက်သာ သင်တန်းကို မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ ဦးဆောင်၍ Dr. Sanjukta Choudhury (the International Business Program, Faculty of Business, BINA NUSANTARA University, Jakarta) နှင့် Cassandra Chiu တို့နှင့်အတူ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

MCRB သည် Association for Aid and Relief (AAR) Japan နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများအတွက် မသန်စွမ်းသူများအား အလုပ်ခန့်ထားရေးဆိုင်ရာ လက်စွဲစာအုပ်ကို ၂၀၁၈ ခုနစ် နှစ်ဦးပိုင်း တွင် မြန်မာဘာသာဖြင့် ထုတ်ဝေနိုင်ရန်လည်း လုပ်ဆောင်နေသည်။

နောက်ခံအကြောင်း

၁။ တင်ပြချက်အားလုံးနှင့် အလုပ်ရုံအစည်းဝေးပွဲနှင့်ပတ်သက်သည့်အစီရင်ခံစာကို www.mcrb.org.mm တွင်ကြည့်ရှုနိုင်ပါမည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ကို ယူကေအခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ်နိုင်ငံ အခြေစိုက် Danish Institute for Human Rights (DIHR) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယူကေ၊ ဒိန်းမတ်၊ နော်ဝေး၊ ဆွဇ်ဇာလန်၊ နယ်သာလန် နှင့် အိုင်ယာလန်တို့၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းကာ ရန်ကုန်မြို့တွင် အခြေစိုက် ဖွင့်လှစ်ထား ပါသည်။ ၂၀၁၃ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ ဒေသတွင်း လိုအပ်ချက်နှင့် နိုင်ငံတကာစံချိန် စံညွှန်းများ နှင့် အညီ မြန်မာနိုင်ငံတွင်း တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် အသိပညာ၊ စွမ်းရည် နှင့် စကားဝိုင်းများ ဖန်တီးရန်အတွက် ထိရောက်ပြီး၊ တရားဝင်ဖြစ်သော လမ်းကြောင်း (Platform) တစ်ခု အဖြစ် အထောက်အကူ ဖြစ်စေရန်ဖြစ်သည်။ သို့မှသာလျှင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့ အကျင့်များ ပိုမိုဖြစ်ပေါ်လာမည် ဖြစ်သည်။ MCRBသည် စီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရတို့နှင့် အတူတကွ လုပ်ဆောင်နေပြီး ဘက်မလိုက်သည့် လမ်းကြောင်းပေါ်တွင် ရပ်တည်ပါသည်။