အလုပ်အကိုင် ဆုံးရှုံးမှုများ

၂၀၂၂ ခုနှစ်၊ ပထမ နှစ်ဝက် ကာလတွင် မြန်မာနိုင်ငံသည် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် အလွန်အမင်း ကြုံတွေ့နေရကြောင်း အိုင်အယ်(လ်)အို၏ ခန့်မှန်း ချက် အသစ်များက ဖော်ပြ

အလုပ်အကိုင် အရည်အသွေးများ ပိုမို ဆိုးရွားစွာ ကျဆင်းလာလျက်ရှိပြီး၊ ကုန်ထုတ် စွမ်းအားများ ပိုမို ကျုံ့ဆင်းလာကာ၊ ၂၀၂၀ ခုနှစ် အချိန်ကာလ အလုပ်အကိုင်များထက် အဆင့် နိမ်ကျလျက် ရှိနေဆဲဖြစ်သည်။

Press release | ဘန်ကောက်၊ ထိုင်း | 01 August 2022
ဆလင်ဒါပုံ သံကူကွန်ကရစ် ဆောက်လုပ်ရေးလုပ်ငန်း © ILO/M. Crozet
ဘန်ကောက်၊ ထိုင်း (အိုင်အယ်(လ်)အို သတင်း) - အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့  (ILO) က ထုတ်ပြန်သည့် ခန့်မှန်းချက် အသစ်များအရ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာလွှဲယူပြီးနောက် ၁၈ လ ကြာကာလ နှင့် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု တနှစ်ခွဲကြာ ကာလတွင် မြန်မာနိုင်ငံသည် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် အလွန်အမင်း ကြုံတွေ့နေရလျက် ရှိပါသည်။

၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက၊ အမျိုးသမီးများ နှင့် အမျိုးသားများ၏ အလုပ်ကိုင် ၁.၁ သန်း နည်းပါးသွားကြောင်း အိုင်အယ်(လ်)အိုက ခန့်မှန်းထားပြီး၊ ယင်းက ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် အလုပ်အကိုင် အခြေအနေ အနည်းငယ် ပြန်လည် ကောင်းမွန်လာကြောင်း ညွှန်ပြနေပါသည်။ သို့ရာတွင်၊ အလုပ်အကိုင် အရည်အသွေးများ ပိုမို ဆိုးရွားလာလျက်ရှိပြီး၊ အလုပ်အကိုင်များသည် ၂၀၂၀ ခုနှစ် အချိန်ကာလထက် အဆင့်နိမ့်ကျလျက် ရှိနေဆဲဖြစ်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများထက် အဖက်ဖက်မှ ပိုမိုထိခိုက်ခံစားနေရလျက် ရှိပါသည်။

၂၀၂၁ ခုနှစ်တွင် လုပ်သား ကုန်ထုတ်စွမ်းအား ၈ ရာခိုင်နှုန်း ကျုံ့ဆင်းသွားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်မံ ကျုံ့ဆင်းသွားကာ၊ စစ်တပ်ကအာဏာလွှဲယူမှု မတိုင်မီ နှစ်များက ရရှိခဲ့သည့် ခိုင်မာသော အကျိုးအမြတ်များကို ပြောင်းပြန်ဖြစ်စေခဲ့ပါသည်။

အိုင်အယ်(လ်)အို၏ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာကော်မတီ၏ ဆုံးဖြတ်ချက်များ၊ အိုင်အယ်(လ်)အို အုပ်ချုပ်ရေးအဖွဲ့နှင့် ၂၀၂၁ ခုနှစ်တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ၏ ဆုံးဖြတ်ချက်များတွင် ရည်ညွှန်း ဖော်ပြထားသည့်အတိုင်း၊ အလုပ်သမား အခွင့်အရေးများ ဆိုးရွားစွာ ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားများစွာအဖို့ ဆိုးရွားလှသည့် အလုပ်အကိုင် အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရလျက်ရှိပါသည်။

ယင်းအခြေအနေသည် အဓိကကျသည့် လုပ်ငန်းကဏ္ဍများမှ လုပ်ငန်းများနှင့် အလုပ်သမားများကို ထိခိုက် နစ်နာစေခဲ့ပါသည်။ အထည်ချုပ်လုပ်ငန်းတွင် ဖြစ်ပေါ်နေသည့် အခြေအနေက ကျပန်းအလုပ် လုပ်ကိုင်နေရခြင်း သို့မဟုတ် နေ့စားအလုပ် လုပ်ကိုင်နေရခြင်း၊ အလုပ်ချိန်များ ပုံမှန်မဟုတ်ခြင်းနှင့် အလုပ်သမားများအဖို့ နည်းပါးသည့် လုပ်အားခကိုသာ ရရှိနေသည့် အနေအထားများ ပိုမိုဖြစ်ပေါ်နေကြောင်း ဖော်ပြနေပါသည်။ အလုပ်သမားများ အလုပ်အကိုင် ရပ်စဲခံရသောအခါတွင် ပေးဆောင်ရမည့် အလုပ်ထုတ်နစ်နာကြေးကဲ့သို့သော အကျိုးခံစားခွင့်များ မပေးဆောင်သည့် အခြေအနေများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိကြောင်း အိုင်အယ်(လ်)အို၏ လေ့လာတွေ့ရှိချက်များက ဖော်ပြနေပါသည်။

မြန်မာနိုင်ငံရှိ အိုင်အယ်(လ်)အို ဆက်သွယ်ညှိနှိုင်းရေး အရာရှိဖြစ်သူ Mr. Donglin Li က “စစ်တပ်ကအာဏာလွှဲယူပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင် တိုးတက်မှု လက္ခဏာတွေ ရှိနေပေမယ့်၊ လက်ရှိလုံးပါးပါးနေတဲ့ အလုပ်အကိုင် အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်း စိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ဆိုပါသည်။

သတင်းအချက်အလက်များကို အသေးစိတ် ပိုမိုသိရှိလိုပါက ဤနေရာတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။

သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက၊ အောက်ဖော်ပြပါ ပုဂ္ဂိုလ်ထံ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Steve Needham
အကြီးတန်း ဆက်သွယ်ရေးအရာရှိ
အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အိုင်အယ်(လ်)အိုရုံး။
အီးမေးလ် - needham@ilo.org

အိုင်အယ်(လ်)အိုသည် ကုလသမဂ္ဂ၏ အထူး အေဂျင်စီတစ်ခုဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှ အစိုးရများ၊ အလုပ်ရှင်များနှင့် အလုပ်သမားများ အတူတကွ တွေ့ဆုံလျက်၊ အလုပ်သမားရေးရာ စံချိန်စံညွှန်းများကို သတ်မှတ်ခြင်း၊ မူဝါဒများ ရေးဆွဲချမှတ်ခြင်းနှင့် အမျိုးသမီးအားလုံးနှင့် အမျိုးသား အားလုံးအတွက် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အစီအစဉ်များ မြှင့်တင်ဆောင်ရွက်ရေး အစီအစဉ်များကို ဖန်တီးဆောင်ရွက်လျက်ရှိပါသည်။