အိုင်အယ်လ်အိုက လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် လူမှု အသိုင်းအဝိုင်းတွင်း လုပ်ဆောင်ချက်များ ပိုမို အားကောင်းလာစေရန်အတွက် ကလေး အလုပ်သမားဆိုင်ရာ မြန်မာ အီလက်ထရောနစ် လေ့လာ သင်ကြားရေး အစီအစဉ် တစ်ရပ်ကို မိတ်ဆက်

အိုင်အယ်လ်အို (မြန်မာ)က ကလေး အလုပ်သမားဆိုင်ရာ မြန်မာ အီလက်ထရောနစ် လေ့လာ သင်ကြားရေး အစီအစဉ် တစ်ရပ်ကို မိတ်ဆက်

Press release | Yangon, Myanmar | 30 May 2022
ရန်ကုန် (အိုင်အယ်လ်အို သတင်း)။    ။ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ ပဥ္စမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ညီလာခံ အပြီး ကလေး အလုပ်သမားအရေးနှင့် ဆက်စပ် ပတ်သက်သည့် တာဝန်ရှိသူများ တက်တက်ကြွကြွ ပါဝင် ပူးပေါင်း လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ အိုင်အယ်အို မြန်မာသည် ကလေး အလုပ်သမားဆိုင်ရာ မြန်မာ အီလက်ထရောနစ် သင်ကြားရေး အစီအစဉ်တရပ်ကို မိတ်ဆက်သွားမည် ဖြစ်သည်။

မြန်မာ ဘာသာနှင့် အင်္ဂလိပ် ဘာဘာ (၂) မျိုးစလုံးဖြင့် ရေးဆွဲ တည်ဆောက်ထားသော ခေါင်းစဉ် (၉) ခု ပါဝင်သည့် သင်ခန်းစာကို အိုင်အယ်လ်အို၏ ဒီဂျစ်တယ် သင်ကြားရေး ပလက်ဖောင်းတွင် ဇွန်လ ၁၂ ရက်နေ့၊ ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့မှစ၍ ကိုယ်တိုင် ကိုယ်ကျ စတင် ဝင်ရောက် လေ့လာနိုင်မည် ဖြစ်ပါသည်။

သင်ခန်းစာသည် အရပ်ဖက် မိတ်ဖက် အဖွဲ့အစည်းများ၊ လူမှု ဝန်ထမ်းများ၊ အလုပ်ရှင်များနှင့် အလုပ်သမား အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ လူမှု အသိုင်းအဝန်းများတွင် ကလေး အလုပ်သမားများဆိုင်ရာ ကိစ္စရပ်များကို ထိထိရောက်ရောက် လေ့လာဆန်းစစ်ပြီး ဝိုင်းဝန်း ထုတ်ဖော် ပြောဆိုပေးနိုင်ရန် ရည်ရွယ်ပါသည်။ တိုက်ရိုက် သင်ကြားမှု၊ နည်းပြမှ ဦးဆောင် သင်ကြားသော အပိုင်းနှင့် တောင်းဆိုမှုများ အပေါ် အခြေခံသော အွန်လိုင်း သင်ကြားမှု အပိုင်းဟူ၍ ကဏ္ဍစုံ ပါဝင်ပါသည်။  ထို့အပြင် ဝင်ရောက် လေ့လာသူများအတွက် ထိုသင်ခန်းစာများမှ ကလေး အလုပ်သမား ပပျောက်ရေးကို ပံ့ပိုးပေးသည့် ကြားဖြတ် ဆောင်ရွက်မှုများကို ရေးဆွဲ ဆောင်ရွက်နိုင်ရန်အတွက် ပြီးပြည့်စုံသော ဗဟုသုတများနှင့် အထောက်အကူပြု နည်းလမ်းများကိုပါ မျှဝေ ပေးအပ်သွားမည်ဖြစ်သည်။

"မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၊ နိုင်ငံရေးနဲ့ လုံခြုံရေး အကျပ်အတည်းတွေကြောင့်  စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကျောင်းတွေ ပိတ်ထားရလို့ ကလေး အလုပ်သမား အခြေအနေတွေက ပိုမို ဆိုးရွားလာပါတယ်။ သန်းပေါင်း များစွာသော ကလေးတွေဟာ အန္တရာယ်ရှိနေတဲ့ အခြေအနေကို ရောက်ရှိနေပြီး စွမ်းဆောင်ရည် မြှင့်တင်ဖို့နဲ့ အချိန်နဲ့ တပြေးညီ စုပေါင်း တုံ့ပြန် ဆောင်ရွက်ဖို့က အရင်ကထက် ပိုပြီး အရေးပါလာပါပြီ။” ဟု အိုင်အယ်လ်အို၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်/ဆက်သွယ် ညှိနှိုင်းရေးအရာရှိ Mr Donglin Li က ပြောကြားခဲ့ပါသည်။

ကလေး အလုပ်သမား ပပျောက်ရေးတွင် လူမှု ကာကွယ် စောင့်ရှောက်ရေး၏ အခန်းကဏ္ဍ

ပြီးခဲ့သော ရက်သတ္တပတ်က ကျင်းပခဲ့သည့် ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ ပဥ္စမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွင် ဖြန့်ချိခဲ့သော အိုင်အယ်လ်အိုနှင့် UNICEF ဌာနချုပ်တို့၏  အစီရင်ခံစာ အရ ၂၀၂၀ ခုနှစ်အစတွင် ကမ္ဘာပေါ်ရှိ ကလေး အလုပ်သမား ဦးရေ သန်း ၁၆၀ ခန့်  - ဆိုလိုသည်မှာ ကလေး ၁၀ ဦးတွင် ၁ ဦးနီးပါးသည် ကလေး အလုပ်သမားအဖြစ် လုပ်ကိုင် နေရသည်ဟု သိရှိရပါသည်။ ပိုမို မြင့်မားလာသော ဆင်းရဲ မွဲတေမှု နှုန်းများနှင့် ထိလွယ် ခိုက်လွယ်သော အခြေအနေ များကြောင့် ကလေးအလုပ်သမားလျော့ချရေး နည်းဗျူဟာများကို ထိရောက်စွာ ဖော်ဆောင်နိုင်ခြင်း မရှိပါက ၂၀၂၂ ခုနှစ် အကုန်တွင် ကလေးအလုပ်သမားဦးရေသည် ၈.၉ သန်းခန့် တိုးလာနိုင်ကြောင်း ခန့်မှန်းထားပါသည်။

ပဋိပက္ခဖြစ်နေသော ဒေသများတွင် နေထိုင် နေရသော ကလေးများသည် သင့်တင့် လျောက်ပတ်သော လူမှု အကာအကွယ် ပေးရေးများကို လက်လှမ်းမမီပါက ကလေးများသည် ပညာသင်ကြားရေး အခွင့်အလမ်း ပိုနည်းပါးလာပြီး အလုပ်လုပ်ကိုင် နိုင်ရချေ ပိုများလာမည်ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အိုင်အယ်အိုက ထုတ်ပြန်ခဲ့သော နောက်ထပ် အစီအရင်ခံစာ တစ်ခုအရ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွါးနေသော နိုင်ငံများတွင် ကလေး အလုပ်သမားနှုန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းများထက် ၇၇ ရာခိုင်နှုန်း၊ ဘေးအန္တရာယ် ရှိသောအလုပ်မှ ကလေး အလုပ်သမားနှုန်းသည် ၅၀ ရာခိုင်နှုန်း ပိုမို များပြား နေသည်ဟု သိရှိရပါသည်။
 
ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ ပဥ္စမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွင် တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များသည် ကလေး အလုပ်သမားပပျောက်ရေး အစီအမံများနှင့် ကာကွယ်ရေး နည်းလမ်းများကို တိုးမြှင့် ဆောင်ရွက်ခြင်း၊ အဆိုးရွားဆုံး အခြေအနေများတွင် အလုပ်ခိုင်းစေခြင်း ပပျောက်ရေးနှင့် လူမှု ကာကွယ် စောင့်ရှောက်ရေးများကို တစ်ကမ္ဘာလုံး လက်လှမ်းမီရေးတို့အပါအဝင် ကလေး အလုပ်သမား ပပျောက်ရေးအတွက် ကဏ္ဍ ၆ ခုတွင် ကတိပြုထားသော  Durban Call to Action ကို အတည်ပြုခဲ့ပါသည်။

နိုင်ငံ အများစုအနေဖြင့် သင့်တင့် လျောက်ပတ်သော လူမှု ကာကွယ်စောင့်ရှောက်ရေး အစီအမံများကို ဆောင်ရွက် ကျင့်သုံးပါက ၂၀၂၂ ခုနှစ် အကုန်တွင် ကလေး အလုပ်သမားဦးရေသည် ၁၅ သန်းခန့် လျော့ကျ သွားနိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (SDG) ၈.၇  အတွက် သိသာထင်ရှားသော တိုးတက်မှုအဖြစ် တွေ့မြင်ရမည် ဖြစ်ပါသည်။

အိုင်အယ်လ်အိုသည် လုပ်ငန်းခွင်တွင် အခွင့်အရေးများကို မြှင့်တင်ပေးရန်၊ သင့်တင် လျောက်ပတ်သော အလုပ်အကိုင် အခွင့်အလမ်းများကို အားပေးရန်၊   လူမှု ကာကွယ် စောင့်ရှောက်ရေးနှင့် အလုပ်အကိုင်နှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် စကားဝိုင်းများကို ပိုမို အားကောင်းစေရန် အလေးအနက်ထား လုပ်ဆောင်နေသော ကမ္ဘာ့ကုလသမဂ္ဂ၏ တစ်ခုတည်းသော သုံးပွင့်ဆိုင် အေဂျင်စီဖြစ်သည်။ အိုင်အယ်အို၏ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော အကြောင်းအရာများကို သိရှိလိုပါက www.ilo.org/yangon တွင် ဖတ်ရှုနိုင်ပါသည်။

အသေးစိတ် သိရှိလိုပါက အောက်ပါ ၀န်ထမ်းကို ဆက်သွယ် နိုင်ပါသည်။

Anne Boyd (boyda@ilo.org)