Op-Ed for Domestic Workers' Day 2021

အိမ်အကူအလုပ်သမားများအတွက် ဆယ်စုနှစ်တစ်ခုတာ သင့်လျော် ကောင်းမွန်သော အလုပ်အကိုင် - ကျွန်ုပ်တို့ အနေဖြင့် အပြောင်းအလဲ ဖြစ်ပေါ်အောင် လုံလုံလောက်လောက် ဆောင်ရွက်နေပါသလား။

အိုင်အယ်လ်အို၏ အိမ်အကူ အလုပ်သမားများဆိုင်ရာ ပြဋ္ဌာန်းချက် ချမှတ် ကျင့်သုံးခဲ့သည်မှာ ဆယ်နှစ် တိုင်ခဲ့ပြီ ဖြစ်သော်လည်း၊ အိမ်အကူ အလုပ်သမားများ၏ အခွင့်အရေးကို အသိအမှတ်ပြုရန်နှင့် ၎င်းတို့အတွက် အလုပ်အကိုင် အခြေအနေများ တိုးတက် ကောင်းမွန်စေရန် များစွာလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း၊ အိုင်အယ်လ်အို၏ လက်ထောက် ညွှန်ကြားရေးမှူးချုပ်နှင့်၊ အာရှနှင့် ပစိဖိတ်‌ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Chihoko Asada-Miyakawa က ရေးသားထားပါတယ်။

Comment | 15 June 2021
ကျွန်မအနေဖြင့် ဘန်ကောက်တွင်ရှိသည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့အစည်း၏ ဒေသဆိုင်ရာ ညွှန်ကြား‌ရေးမှူးအဖြစ် ဆောင်ရွက်သည့်အခါ၊ အိမ်အကူ အလုပ်သမားများ အရေးသည် ကျွန်မစိတ်ထဲတွင် ရှေ့ဆုံး ကပေါ်လာပါသည်။ ကမ္ဘာပေါ်တွင်ရှိသည့် အိမ်အကူအလုပ်သမားအရေအတွက် ထက်ဝက်ခန့်သည် အာရှပစိဖိတ် ဒေသတွင်ရှိနေရုံသာမက၊ ဤအလုပ်သမားအုပ်စုသည် ကျွန်မ၏ စိတ်ဝင်စားမှု နယ်ပယ်များ ဖြစ်သည့် - အမျိုးသမီး အလုပ်သမား အခွင့်အရေး၊ ကျန်းမာရေးနှင့် အိမ်ရာ/နေရာထိုင်ခင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာစီမံအုပ်ချုပ်မှု- နယ်ပယ်များတွင်ပါ ဆက်စပ်ပါဝင်နေသည်ကို တွေ့ရပါသည်။

ကျွန်မတို့ လူအတော်တော်များများသည် အိမ်အကူအလုပ်သမားများအကြောင်းကို စဉ်းစားသည့်အခါတွင် စိတ် ခံစားချက်မပါဝင်ဘဲ စဉ်းစားသုံးသပ်ကြည့်ရန် မဖြစ်နိုင်ပါ။ ဤစာကို ဖတ်နေသော စာဖတ်သူအများစုအနေဖြင့် အိမ်အကူအလုပ်သမားများနှင့် နီးကပ်သော ဆက်ဆံရေး ရှိခဲ့ဖူးကြပေမည်။ ဥပမာ ကလေးဘဝတွင်ဖြစ်စေ၊ အသက်အရွယ် ရလာသည့် နောက်ပိုင်း အဓိက လိုအပ်လာသည့် အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ရန်အတွက်ဖြစ်စေ၊ သို့မဟုတ် အထူးပြုစုစောင့်ရှောက်မှု လိုအပ်နေသူများအတွက်ဖြစ်စေ၊ ဆက်ဆံခဲ့မှုမျိုးဖြစ်သည်။ အချို့ သည် အိမ်အကူအလုပ်မှရသည့်လုပ်ခလစာဖြင့် ၎င်းတို့၏ မိသားစုကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနိုင်သူများ ရှိသလို၊ အချို့သည်ဤအလုပ်ဖြင့် အပိုဝင်ငွေရှာနိုင်ခဲ့ကြသည်။  

အိမ်အကူအလုပ်သမားများသည် ကျွန်မတို့အတွက် များစွာ လုပ်ဆောင်ပေးပါသည်။ ကျွန်မတို့ ဘေးကင်းစေရန်၊ သက်တောင့် သက်သာရှိစေရန်၊ ကောင်းစွာ စားသောက်ရန်နှင့်၊ အိမ်အပြင်ထွက်၍ အလုပ် လုပ်ကိုင်နိုင်ရန် နောက်ကွယ်မှ ပံ့ပိုးကူညီပေးနေသူများ  ဖြစ်ပါသည်။ ကျွန်မတို့၏ ကိုယ်ပိုင် အတွေ့အကြုံဖြင့် အိမ်အကူအလုပ်ကို စဉ်းစား သုံးသပ်ကြည့်လျှင်၊ ဤမျှလောက် အကောင်းဘက်က မြင်နိုင်သည့် အလုပ်ဖြစ်သည်။ အိမ်တွင် အတူနေလုပ်ကိုင်၍  ဖြစ်ပေါ်လာသည့် သံယောဇဉ်နှင့်၊ အိမ်အကူအလုပ်သမားများသည် မိသားစုဝင် တစ်ယောက်ကဲ့သို့  ဖြစ်လာသည့် ခံစားချက်များက ဤအလုပ်အကိုင်၏ သွင်ပြင်များဖြစ်ပြီး၊ ဤအလုပ်အကိုင်သည် 'အခြားအလုပ် အကိုင်များနှင့်မတူ' ဟူသော အမြင်ကို ဖြစ်စေပါတယ်။

သို့သော် ၂၀၁၁ ခုနှစ်တွင်၊ အိုင်အယ်လ်အို၏ အိမ်အကူ အလုပ်သမားများဆိုင်ရာ ပြဋ္ဌာန်းချက်ကို ချမှတ် ကျင့်သုံးခဲ့ပြီး၊ အိမ်အကူ အလုပ်အကိုင်ကိုလည်း အခြား အလုပ်အကိုင်များကဲ့သို့ အသိအမှတ်ပြုခဲ့ပါသည်။ ပြဋ္ဌာန်းချက် အမှတ် ၁၈၉ ဟုသိကြသော ပြဌာန်းချက်သည်၊ အိမ်အကူ အလုပ်အကိုင်နှင့် ပတ်သက်၍ တိကျပြီး၊ ကိုယ်ပိုင် အတွေ့အကြုံများ မည်မျှပင် ရှိစေကာမူ၊ အိမ်အကူ အလုပ်သမားများအနေဖြင့် အခြားအလုပ်သမားများ နည်းတူ ကာကွယ်စောင့်ရှောက်မှု ရထိုက်ကြောင်း ဖော်ပြခဲ့သည့် ပထမဆုံး နိုင်ငံတကာ စာချုပ်စာတမ်းတစ်စောင် ဖြစ်လာခဲ့ပါသည်။

အိမ်အကူ အလုပ်သမားများအနေဖြင့် အနည်းဆုံး အခကြေးငွေ၊ ဘေးကင်းလုံခြုံသည့် လုပ်ငန်းခွင် အခြေအနေ၊ ခွဲခြား ဆက်ဆံမှုမှ ကာကွယ် စောင့်ရှောက်မှု စသည့် အခြေခံ အလုပ်သမား အခွင့်အရေးများအား ခံစားပိုင်ခွင့် ရှိကြောင်း သေချာစေရန် နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အိမ်အကူအလုပ်သမားများနှင့် ယင်းတို့ကို ကူညီသော မိတ်ဖက် အဖွဲ့အစည်းများအတွက် ဤပြဋ္ဌာန်းချက်သည် အားတက်စရာ ဖြစ်ခဲ့ပါသည်။ နိုင်ငံတကာ၏ အသိအမှတ်ပြု ဆောင်ရွက်မှုသည် အထူးအရေးပါ အရာရောက်ဆဲ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၁၀ နှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း အိမ်အကူ အလုပ်သမားအများစုအနေဖြင့် ၎င်းတို့ ရသင့်ရထိုက်သည့် လုပ်ခလစာများ အပြည့်အဝ မရသေးသည့်အပြင်၊ အလုပ်ပိုလုပ်ရခြင်း၊ ထိပါးနှောင့်ယှက်မှုနှင့် ခေါင်းပုံဖြတ် ခံရခြင်းများ ဆက်လက် ရှိနေသေးသောကြောင့် ဖြစ်ပါသည်။

ယခုနှစ်တွင်၊ အိုင်အယ်လ်အိုအနေဖြင့် အိမ်အကူ အလုပ်သမားဆိုင်ရာ ပြဋ္ဌာန်းချက်၏ ရည်မှန်းချက် ပန်းတိုင်များကို ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း မည်မျှ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဆိုသည်နှင့် ပတ်သက်၍၊ ပြန်လည်သုံးသပ်ခဲ့ပါသည်။ တိုးတက်မှု အချို့ရှိခဲ့ပါသည်။ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံသည် ပြဋ္ဌာန်းချက်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး၊ ဒေသတွင်းရှိ အခြားနိုင်ငံ အချို့သည်လည်း အိမ်အကူ အလုပ်သမားများ အတွက် ဥပဒေ ကာကွယ်စောင့်ရှောက်မှုကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ သို့သော်လည်း၊ အာရှပစိဖိတ်ဒေသ အတွင်းတွင်ရှိသည့် အိမ်အကူ အလုပ်သမားများအတွက် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိသည်အထိ ဆောင်ရွက်ရန် ဆက်လျှောက်ရမည့် ခရီးရှည်ကြီး ကျန်ရှိနေပါသေးသည်။

ဤနှစ်ပတ်လည် အခါသမယကို အသုံးချကာ၊ အိမ်အကူ အလုပ်အကိုင်ဆိုင်ရာ အခြေအနေများ တိုးတက် ကောင်းမွန်ရေးအတွက် ကျွန်မတို့ထားရှိခဲ့ကြသည့် သန္နိဋ္ဌာန်များကို ပြန်လည် အားသစ်လောင်းရမည့် အကြောင်းပြချက် မြောက်များစွာရှိနေပါသည်။ အမျိုးသမီးများကို လုပ်ကိုင်ခွင့် ပေးရေးအတွက် နိုင်ငံတကာမှ အင်တိုက်အားတိုက် ဆောင်ရွက်နေသည့် အချက်များတွင် အိမ်အကူ အလုပ်အကိုင်သည် အဓိက အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အိမ်အကူ အလုပ်သမားအများစုသည် အမျိုးသမီးများ ဖြစ်ကြသည်။ အိမ်အကူ အလုပ်အကိုင်ကဏ္ဍသည် ပညာအရည်အချင်း နည်းပါးသည့်သူများ၊ ပြည်တွင်း လုပ်သားဈေးကွက်တွင် ပါဝင်နိုင်စွမ်းမရှိသည့် အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးသော်လည်း၊ ဤအခွင့်အလမ်းများကို ရယူသည့်အခါတွင် အန္တရာယ်များ ရှိနေပါသည်။

ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင်၊ အမျိုးမျိုးကွဲပြားခြားနားစွာရှိနေသော ကျား/မဆိုင်ရာနှင့် လူမှုရေးရာစံသတ်မှတ် ချက်များက လူ့ဘောင်အဖွဲ့အစည်းအတွင်း အိမ်အကူအလုပ်အကိုင်နှင့် အိမ်အကူအလုပ်သမားများ၏ အခြေ အနေအပေါ် လွှမ်းမိုးနေပုံများကို မြင်ရန် မခဲယဉ်းပါ။ အိမ်တွင်နေထိုင် လုပ်ကိုင်ပေးခြင်းသည် အစဉ်အလာ အားဖြင့် အခကြေးငွေမရသည့်အပြင်၊ ယင်းကို စီးပွားရေးအရ တန်ဖိုးရှိသည့်အလုပ်ဟုလည်း သတ်မှတ် လေ့မရှိပါ။ အဘယ်ကြောင့်ဆိုသော်၊ အများအားဖြင့် အိမ်ကို 'လုပ်ငန်းခွင်' ဟု မသတ်မှတ်၍ဖြစ်သည်။ နိုင်ငံအများစုတွင် အိမ်အကူအလုပ်အကိုင်ကို တရားဝင်/ပုံမှန် အလုပ်အကိုင်တစ်ခုအဖြစ် သတ်မှတ်ခြင်း မရှိသေးသည့်အတွက် အိမ်အကူအလုပ်အကိုင်ကို အလုပ်သမားဥပဒေဘောင်အတွင်း အလုပ်အကိုင်တစ်ခုအဖြစ် ထည့်သွင်းအသိအမှတ် ပြုခြင်း မရှိသေးပါ။ ပုံမှန် သီးခြားသတ်မှတ်ချက် မရှိသည့် အိမ်အကူအလုပ်အကိုင်၏ သဘောသဘာဝကြောင့် အများမြင်သာမှု မရှိသကဲ့သို့၊ အိမ်အကူအလုပ်သမားများ၏ ဒုက္ခများကိုလည်း သတိမမူမိကြပေ။ အိမ်အကူအလုပ်အကိုင်သည် ပုံမှန်မဟုတ်သည့် အခြေအနေတွင် ဆက်ရှိနေ လျှင်၊ လုပ်ငန်းခွင်များကိုမှတ်ပုံတင်ခြင်း မရှိလျှင်၊ အလုပ်အကိုင်အခြေအနေများကို စောင့်ကြည့်လေ့လာမှု မရှိလျှင်၊ အိမ်အကူအလုပ်သမားများအနေဖြင့် လူမှုဖူလုံရေး ခံစားခွင့်၊ ဝင်ငွေဖူလုံရေးနှင့် ကိုဗစ်နိုင်တင်းကာကွယ်ဆေး ရရှိမှုတို့တွင် အကန့်အသတ် ရှိနေမည်ဖြစ်သည်။ အိမ်အကူအလုပ်အကိုင်ကို အလုပ်အကိုင်တစ်ခုအဖြစ် အမှန်အကန် အသိအမှတ်မပြုမချင်း၊ ကျွန်မတို့၏ လူမှုစီးပွားကောင်းကျိုးအမျိုးမျိုးအတွက် အထောက် အကူပြုနေသည့် အိမ်အကူအလုပ်သမားများ၏ ပံ့ပိုးကူညီမှုများကို အပြည့်အဝ အကြွင်းမဲ့ဥဿုံ ဖော်ပြရန်မှာ ခဲယဉ်း နေပါဦးမည်။

ထို့ကြောင့်၊ အစိုးရများအနေဖြင့်အိမ်အကူအလုပ်သမားဆိုင်ရာပြဋ္ဌာန်းချက်အား အတည်ပြုလက်မှတ်ရေး ထိုးရန် နှင့်၊  ပထမအဆင့်အနေဖြင့် အိမ်အကူအလုပ်သမားများ၏ ဝန်ဆောင်မှုများကို အသိအမှတ်ပြုရန် တိုက်တွန်းနှိုး ဆော်အပ်ပါသည်။

အိုင်အယ်လ်အိုမှနေ၍၊ ဤအချက်ကို ‌နှိုးဆော်ရခြင်းမှာ - အမှန်တကယ် လုပ်ဆောင်ရမည့်အရာ ဖြစ်ခြင်းကြောင့် သာမကဘဲ၊ အိမ်အကူ အလုပ်သမားများ၏ ဘဝ တိုးတက် ပြောင်းလဲရေးနှင့်၊ ဤအလုပ်အကိုင်ကဏ္ဍ တိုးတက် ပြောင်းလဲရေးအပေါ် သက်ရောက်မှု အလွန့်အလွန် ကြီးမား၍ ဖြစ်သည်။ ကိုဗစ်နိုင်တင်း ကာလနှောင်းပိုင်း စီးပွားရေး ပြန်လည်ထူထောင်သည့် ကာလတွင်၊ အိမ်အကူ အလုပ်အကိုင်ကို မရှိမဖြစ် လိုအပ်သည့် အလုပ်အကိုင် ရင်းမြစ်တစ်ခုအဖြစ် စဉ်းစား သုံးသပ်ရန် လိုအပ်သလို၊ ပြုစု‌ စောင့်ရှောက်ရေးအတွက် လိုအပ်မှုများပြားလာသည့် အိမ်ထောင်စုများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် အလုပ်အကိုင်များ ဖန်တီးပေးသည့် ကဏ္ဍတစ်ခု အဖြစ်အပြင်၊ ကမ္ဘာ့ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာမှု အများဆုံးခံရသော အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖြည့်ဆည်းပေးသည့် ကဏ္ဍတစ်ခုအဖြစ် စဉ်းစားသုံးသပ်ရန်လည်း လိုအပ်ပါသည်။ အိမ်အကူ အလုပ်သမားများအနေဖြင့် ၎င်းတို့၏ အခွင့်အရေးကို တောင်းဆိုလာနိုင်ပြီး၊ အိမ်အကူအ လုပ်အကိုင်ကို သင့်‌တင့် လျောက်ပတ်စွာ တန်ဖိုးထား အသိအမှတ် ပြုလာမည်ဆိုပါက၊ သာတူညီမျှမှုနှင့် မျှတမှုပို၍ ရှိသော လူ့ဘောင် အဖွဲ့အစည်းဖြစ်လာပြီး၊  အကျိုးကျေးဇူးများ ရရှိလာမည်ကို ကျွန်မတို့ တွေ့မြင်လာရမည်ဖြစ်သည်။ ဤသို့အားဖြင့် ကျွန်မတို့ အနေဖြင့် ‘ပိုမိုကောင်းမွန်စွာပြန်လည်တည်ဆောက်နိုင်ခဲ့ပြီ’ ဟု အခိုင်အမာ ကြွေးကြော် နိုင်ပေမည်။

By Chihoko Asada-Miyakawa, ILO’s Assistant Director-General and Regional Director for Asia and the Pacific