ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့

ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အကြိုအဖြစ် အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်ဖြစ်သော အလုပ်လုပ်နိုင်သည့်အနိမ့်ဆုံးအသက်အရွယ်သတ်မှတ်ချက်ကို မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုး

ကိုဗစ်-၁၉ အကျပ်အတည်းကာလအတွင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့မှ “ကလေးငယ်များကို ယခုအချိန်မှာ ပိုမိုကာကွယ်ပေးရန်” အတွက် တောင်းဆိုလျက်ရှိပါသည်၊၊

Press release | 12 June 2020

သတင်းထုတ်ပြန်ချက်

Credit: Hlwan Moe/ Min Htet Aung
ရန်ကုန်(ILO သတင်း) ။    ။မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဌာန်းချက် တစ်ခုဖြစ်သည့် အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်သတ်မှတ်ချက်နှင့်စပ်လျဉ်း၍ တစ်စိုက်မတ်မတ် လုပ်ဆောင်ရေးကို ဇွန်လ (၈) ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးရန် ကတိကဝတ်ပြုလိုက်ပါသည်။ အဆိုပါ လုပ်ဆောင်ချက်သည် ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့အကြို ထင်ရှားသော လုပ်ဆောင်ချက် ဖြစ်လာပြီး တစ်နိုင်ငံလုံးရှိ ၁.၁၃ သန်းသော ကလေးအလုပ်သမားများအား ကိုဗစ်-၁၉ ကာလအတွင်း လုံခြုံရေး၊ အကာအကွယ်ပြုရေးနှင့် အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများမှ ကာကွယ်ပေးရေးတို့အတွက် အပြုသဘောဆောင်သော တိုးတက်မှုများကို ဖြစ်ပေါ်လာစေမည်ဖြစ်သည်။

ပြဋ္ဌာန်းချက် အမှတ်- ၁၃၈ အရ အလုပ်လုပ်နိုင်သည့်အနိမ့်ဆုံးအသက်အရွယ်သတ်မှတ်ချက်တွင်  မသင်မနေရ ပညာရေးပြီးဆုံးချိန်နှင့်ကိုက်ညီရန် အနိမ့်ဆုံးအသက်အရွယ်ကို သတ်မှတ်ရန်လိုအပ်ပြီး ပေါ့ပါးသောအလုပ်များနှင့် အနုပညာဖျော်ဖြေမှုများမှအပ မည့်သည့်အလုပ်မျိုးတွင်မဆို ဝင်ရောက်လုပ်ကိုင်ခြင်းမှ တားမြစ်ခြင်းတို့ဖြစ်သည်။ ထို့အပြင် အသက် ၁၈ နှစ်အောက် ကလေးအလုပ်သမားများအား အန္တရာယ်ရှိသော အလုပ်အကိုင်များ လုပ်ကိုင်ခြင်းမှ တားမြစ်ထားသည်။ မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် လက်ရှိအလုပ်သမားဥပဒေအရ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံး အသက်အရွယ်မှာ အသက် ၁၄ နှစ် ဖြစ်သည်။ အဆိုပါကွန်ဗင်းရှင်းအရ နိုင်ငံများတွင် ကလေးအလုပ်သမားများ အမြစ်ပြတ်ပပျောက်ရေးအတွက် နိုင်ငံအဆင့်ပေါ်လစီများ ချမှတ်ရမည်ဆိုသော အချက်လည်း ပါဝင်သည်။

မြန်မာနိုင်ငံသည် ဤပြဌာန်းချက်အား သဘောတူလက်မှတ်ရေးထိုးသည့် ၁၇၈ မြောက်နိုင်ငံဖြစ်လာပြီး လက်ရှိတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် ကလေးအလုပ်သမား ၉.၃ ရာခိုင်နှုန်းနှင့် ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသော ကလေးအလုပ်သမားပေါင်း (၆) သိန်းကျော်ရှိသည်။

ILO နှင့် UNICEF တို့မှ ထုတ်ဝေသော အစီရင်ခံစာ အရ ကမ္ဘာတစ်ဝှမ်းတွင် ကလေးအလုပ်သမားပေါင်း ၁၅၃ သန်းရှိနေပြီး ကိုဗစ်-၁၉ ကာလအတွင်း ပိုမိုအန္တရာယ်ကြီးစွာနှင့် ပုန်းကွယ်စွာဖြင့် လုပ်ကိုင်ရသော လုပ်ငန်းခွင်အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

စားဝတ်နေရေး အခက်အခဲများ၊ မိသားစုဝင်များ နေထိုင်မကောင်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်းစသည့် ဆိုးဝါး လာသော အခြေအနေများသည် ကလေးများအား ကျောင်းပညာရေးနှင့် အလှမ်းဝေးစေရန် တွန်းအားပေးလျက် ရှိရုံသာမက မိဘမဲ့ဘဝသို့ ရောက်ရှိသွားခြင်း၊ ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်စေခြင်းတို့သည် ကိုဗစ်-၁၉ နှင့် ဆက်နွယ်လျက်ရှိသော အကြောင်းရင်းများဖြစ်သည်။ အဆိုပါအခြေအနေများသည် သန်းပေါင်းများစွာသော ကလေးသူငယ်များကို ငယ်ရွယ်သောအချိန်မှာပင် အန္တရာယ်ရှိသော လုပ်ငန်းခွင်များသို့ တွန်းပို့လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် မေလ အထိ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် လူပေါင်း (၆)သောင်းခန့် အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိခဲ့ပြီး အခြေအနေများ ပိုမိုဆိုးရွားလာပါက အလုပ်သမားများ၏ လစာဖြတ်တောက်ခြင်းနှင့် ပိုမိုများပြားသော အလုပ်သမားများအား အလုပ်ရပ်စဲခြင်း အခြေအနေ များနှင့် တွေ့ကြုံရမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိပါသည်။

ILO ၊ UNICEF အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများသည် သတိထားစောင့်ကြည့်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ချက်များ၏ အရေးပါမှုများအပေါ် ဦးစားပေးလုပ်ဆောင်လာစေရန် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့အား ကြိုဆိုသော အားဖြင့် လုပ်ဆောင်လျက်ရှိပြီး ကလေးသူငယ်များအား ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးနှင့် လူမှုရေးသက်ရောက်မှု များမှ အကာအကွယ်ပြုရန် ရည်ရွယ်ပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Donglin Li မှ “ကလေးအလုပ်သမားဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (NAP) ကို အကောင်အထည်ဖော်ခြင်းနဲ့ ဇွန်လ (၈) ရက်နေ့မှာ အတည်ပြုလက်မှတ်ရေးထိုးမည့် အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်သတ်မှတ်ခြင်း ဆိုင်ရာပြဌာန်းချက်  အမှတ်- ၁၃၈ တွေဟာ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား အမြစ်ပြတ်ပပျောက်ဖို့ ထင်ရှားတဲ့မှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။ ထို့အပြင် “ယခုဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ အခြေအနေတွေကို ကျော်လွှားရမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ကလေးအလုပ်သမားအလုံးစုံ ပပျောက်ရေးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ၈.၇ ကို ရရှိအောင် အတူဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

“ကျွန်တော်တို့အားလုံး ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုတွေကို အတူတိုက်ထုတ်နေကြသလိုပဲ ကလေးသူငယ်တွေအတွက် ထပ်တိုးကာကွယ်မှုတွေပေးသွားဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကနေ ကလေးသူငယ်တွေ အန္တရာယ်ရှိတဲ့ အလုပ်စေခိုင်းမှုတွေဆီ တွန်းပို့ခံရခြင်းတွေက တားဆီးနိုင်မှာဖြစ်ပြီး ကျောင်းထွက်ရမယ့် အခြေအနေမျိုးတွေ၊ ကျန်းမာရေးနဲ့ ဘဝနေထိုင်မှုဆိုင်ရာထိခိုက်မှုတွေ လျော့နည်းစေမှာဖြစ်ပါတယ်” ဟု UNICEF မြန်မာ၏ လက်ထောက်ကိုယ်စားလှယ် Alessandra Dentice မှ ပြောကြားသည်။ ထို့အပြင် “ကျွန်တော်တို့အနေနဲ့ တစ်စုတစ်စည်း တည်းဖြစ်တဲ့ ချဉ်းကပ်မှုတွေအဖြစ် ကလေးသူငယ်ကာကွယ်ရေးစနစ်တွေကို ပိုမိုအားကောင်းစေဖို့ လုပ်ဆောင်ရမှာ ဖြစ်သလို ဆင်းရဲမွဲတေမှုနဲ့ မမျှတမှုတွေကို ဖြေရှင်းကြဖို့၊ ပညာရေး အဆင့်အတန်းမြှင့်တင်ရေးနဲ့ အားလုံးလက်လှမ်းမီ နိုင်ရေး အပါအဝင် ကလေးများရဲ့ အခွင့်အရေးကို လေးစားအသိအမှတ်ပြုကြဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံတွင် လုပ်ဆောင်လျက်ရှိသော ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အသိပညာမြှင့်တင်ရေး ကမ်ပိန်းတစ်စိတ်တစ်ပိုင်းအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နှင့် ILO၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးနှင့် ပူးပေါင်းကာ  စက်တင်ဘာလ ၃၀ ရက်နေ့အထိ အစီအစဉ်ပေါင်းများစွာ ကျင်းပလျက်ရှိပါသည်။ ရန်ကုန်ဘူတာကြီး၊ ဒလကူးတို့ဆိပ် နှင့် Junction City တို့တွင် ဓါတ်ပုံများ ခင်းကျင်းပြသသွားမည်ဖြစ်သည့်အပြင် အွန်လိုင်းကမ်ပိုင်းများနှင့် သတင်းစကား ဖြန့်ဝေခြင်းများကို လာမည့်လများတွင် လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့တွင် အသိပညာမြှင့်တင်ရေး လှုပ်ရှားမှုအစီအစဉ်များကို လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးဖြစ်သူ Tim Enderlin မှ ကမ်ပိန်းအား ထောက်ပံ့ပေးမှုနှင့် ပတ်သက်၍ “ကလေးတွေ အလုပ်လုပ်စရာမလိုဘူးဆိုတာ ရိုးရှင်းတဲ့သဘောတရားပဲ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ် သတ်မှတ်ချက်ပြဌာန်းချက်အား  သဘောတူလက်မှတ် ရေးထိုးမှုအပေါ် ကြိုဆိုပါတယ်။ ဒါဟာ အရမ်းကိုအရေးကြီးလှတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း လုပ်ဆောင် ရမည့် အရာတွေ အများကြီးကျန်ရှိနေတာကို သတိပြုရမှာဖြစ်သလို ကိုဗစ်-၁၉ ရဲ့ အခြေအနေဟာလည်း မသေးလှပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးအနေနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နှင့် ILO က စီစဉ်တဲ့ ယခုနှစ် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ကမ်ပိန်းကို ဂုဏ်ယူစွာနဲ့ ပံ့ပိုးပါတယ်။” ဟုပြောကြား သည်။

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် ဇွန်လ ၁၂ ရက်နေ့တွင် ကျင်းပလျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ကလေးအလုပ်သမားများ၏ စိန်ခေါ်မှုများနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် နောက်ဆုံးထား၍ ကလေးအလုပ်သမားများ ပပျောက်ရေး စုပေါင်းလုပ်ဆောင်ချက်များကို တွန်းအားပေးသည့် လှုပ်ရှားမှု များကို လုပ်ဆောင်လျက်ရှိသည်။

ကုလသမဂ္ဂသည် ၂၀၂၁ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ ကလေးလုပ်သားပပျောက်ရေးနှစ်အဖြစ် ကြေညာခဲ့သည်။ ထိုရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန်အတွက် သိသာထင်ရှားသော တိုးတက်မှုများရရှိနေစဉ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် အစိုးရများနှင့် လူမှုအဖွဲ့အစည်းများ၏ ကြိုးပမ်းနေမှုများကို နှောင့်နှေးကြန့်ကြာစေခဲ့သည်။

မြန်မာနိုင်ငံတွင် ILO ၏ ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမေရိကန်နိုင်ငံ အလုပ်သမားဌာနမှ ပံ့ပိုးကူညီသော Myanmar Programme on the Elimination of Child Labour (My-PEC)   အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည်။

သတင်းမီဒီယာများ ဆက်သွယ်ရန်